၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော် စက်တင်ဘာ ၄
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်အနာဂတ်နိုင်ငံတော်အတွက် အဓိကစွမ်းအားစုဖြစ်သည့်ကျောင်းသား၊ ကျောင်းသူလူငယ်များကို အားကစားကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံတွင် နိုင်ငံ၏သားကောင်း သမီးကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ အုပ်စု(က) နောက်ဆုံးပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
ကွင်းအမှတ်(၁)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွင်းအမှတ်(၃)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါအသင်းများ ယှဉ်ပြိုင်ကစားနေမှုကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုများနှင့် ဝါသနာရှင်မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။