ကျောက်ဖြူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ကျောက်ဖြူ စက်တင်ဘာ ၅
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စက်တင်ဘာလ ၅ ရက်တွင် ကျောက်ဖြူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဟံစိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ခရိုင်ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြား ရေးမှူး ဦးကျော်သန်းတို့က ကျွန်း၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ပိတောက်နှင့် ခရေပင်များကို စုပေါင်း စိုက်ပျိုးကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကြသည်။
ကျောက်ဖြူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၁၀ ပင်၊ ပျဉ်းကတိုးပင် ၂၀၊ ပိတောက်ပင် ၁၀ ပင်၊ ခရေပင် ၁၀ ပင်၊ ကံ့ကော်ပင် ၁၀ ပင်နှင့် မန်ဂျန်ရှားပင် ၄၄၀ စုစုပေါင်းအပင် ၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)