
မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
''တို့ ရွာကထွက်လာတာ ငါးရက်ရှိပြီနော်၊ လာတုန်းက ရာသီဥတု ဒီအခြေအနေမဟုတ်ပါဘူး။ အခု အရဲစွန့်ပြီး တိုးသွားရင်လည်း ရှေ့က ကုလားတန်မြစ်ဝ ဒီလိုရာသီမျိုးနဲ့ဆို မလွယ်ဘူး ဒုက္ခရောက်သွား နိုင်တယ်။ နောက်ပြန်ဆုတ်ဖို့ကလည်း ရေကျချိန် လေကလည်းမြစ်ညာက တိုက်နေတယ် တော်တော် ပြဿနာပဲ"
အသက်တော်တော် ရနေပြီဖြစ်သော လှေသမား ဦးကျော်ထွန်းမှာ မိမိတစ်ဦးတည်း ဟိုဟိုသည်သည် စဉ်းစားရင်း ပြောနေခြင်းဖြစ်သည်။
''ကျွန်တော်တို့ ကျောက်ဆူးနုတ်ပြီး ကမ်းပြန်ကပ်ကြရအောင်ဗျာ"
အသက်အငယ်ဆုံး မောင်ဘတင် ကြောက်ကြောက်ရွံ့ရွံ့ပြောလိုက် ခြင်းဖြစ်သည်။
''ကျောက်ဆူးနုတ်လိုက်တာနဲ့ ကမ်းကပ်လို့မရဘူး။ ပင်လယ်ဘက် ပါသွားလိမ့်မယ်။ ဒါကို ကမ်းခွာ လေလို့ ခေါ်တယ်ဟ" ဦးကျော်ထွန်းက ရှင်းပြလိုက်သည်။ မောင်ဘတင်မှာ ခုမှ ပထမ အကြိမ် ခရီးလိုက်လာခြင်းဖြစ်သည်။ အတွေ့အကြုံမရှိ၍လည်း ပို၍ အားငယ်နေမိသည်။
လေမှာ ပြင်းသည်ထက် ပြင်းလာသည်။ ကောင်းကင်တစ်ခုလုံးလည်း ညိုမှိုင်းမည်းပုပ်လျက်ရှိချေ၏။ မကြာပါ မိုးရော၊ လေရော တဝေါဝေါ ရွာချလာပါတော့သည်။ လေမှာပြင်းလာသည်နှင့်အမျှ ဒီလှိုင်းများ ကပါ ဗိန်းဗောင်းဆိုင်းတီးလာချေပြီ။ ရွက်တိုင်ကို လှဲချပြီး ခေါက်လိပ်ထားသော ရွက်ကြီးမှာ မိုးသက် လေပြင်း၏ ဆောင့်တွန်းမှုကြောင့် ဖြုန်းခနဲ ပွင့်ထွက်သွားလေတော့သည်။ ရွက်ကြီးသည် တဖြုန်းဖြုန်း ရုန်းကန် လှုပ်ရှားမှုကြောင့် လှေကြီးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ကျော့ကွင်း မိနေသော သားကောင် တစ်ကောင်၏ ရုန်းမလွယ်၊ ကန်မလွယ်ဖြစ်နေ ခြင်းနှင့် တူနေတော့သည်။
''ကိုကျော်ထွန်းရေ ဓားမြန်မြန်ယူလာ ရွက်ကြိုးတွေကို ဖြတ်စမ်းပါ။ ဟေ့ ကျန်တဲ့လူတွေ ဓနိတွေကို ပစ်ချကြ မြန်မြန်လုပ်ကြဟေ့"
အဖေသည် ဆောက်တည်ရာမရဖြစ်ကာ မောဟိုက်ပင်ပန်းစွာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ မိမိကိုယ် တိုင်လည်း လှေဦးပြေးလိုက်၊ လှေပဲ့ ပြေးလိုက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေတော့သည်။ လှေသမားများ ဓနိတစ်ဝက်ခန့် ပစ်ချပြီးချိန်တွင်တော့ လှေကြီးဝမ်းဗိုက်မှာ ဒီရေတစ်ဝက်ခန့် ပြည့်နေလေပြီ။ လှိုင်းလုံးကြီးများမှာကား တစ်လုံးထက်တစ်လုံး သေးလာသည်ဟူ၍မရှိ။ ကြီးပြီးရင်း ကြီးလာသည်ချည့်။ လေနှင့်မိုးမှာ လည်း တဝေါဝေါမြည်ဟည်းကာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲလျက်ရှိကြ ချေပြီ။ အဖေတို့ လှေသမားများကား အစီအစဉ်ဟူ၍ မရှိတော့ချေ။ လက်လှမ်းမီရာ လှမ်းဆွဲနေကြရတော့သည်။ ရွက် ကန်ဝါးကို ဆွဲသူဆွဲ၊ ဓနိရံတိုင်များကို စည်းသူစည်း လှေသမားများအဖို့ ကမ္ဘာပျက်ခဲ့ချေပြီ။ လှေသမား များမှာ မိုးဦးမုန်တိုင်း စစ်သည်တော်လှိုင်းလုံးကြီးများ၏ တိုက်ခိုက်ခြင်းကို မရှုမလှခံနေကြရလေပြီ။ သို့သော် ကံကောင်းသည်ဟု ပြောရမလား တစ်နာရီခန့်အကြာမှာပဲ လေပြင်းသည် ကမ်းခွာလေ မဟုတ်တော့ဘဲ ပေါက်တောမြို့နှင့် တောင်ဖူးရွာဘက်သို့ ဦးတည်တိုက် နေပေတော့သည်။ လေပြင်းအား ကြောင့် ဓနိလှေကြီးသည် လှိုင်းလုံး ကြီးများသယ်ဆောင်ရာသို့ လိုက်ပါပြီး ဒီရေပြန်အကျမှာ အဖေ့ ဓနိလှေ ကြီးသည် မြေမာမာသောင်ပြင်စပ်တွင် တင်ကျန်ရစ်ခဲ့ပေတော့သည်။ လှေသားတွေမှာကား သေကံမရောက် သက်မပျောက်ခဲ့ကြ၊ သို့သော် လှေကြီးမှာ လှိုင်းရိုက်ဒဏ်၊ လှေထဲမှရေလုံးများ တွန်းကန်အား၊ လှေအောက်ရှိ မြေစိုင်ခဲမာမာကျစ်ကျစ်တို့ကြောင့် သိပ်မကြာခင် လှေကြီး ပြိုကျပျက်စီး သွားခဲ့ပါလေပြီ။
အဖေမှာ ဓနိချပ်များကို ခေါက်ပြန်ပေးစနစ်နဲ အကြွေးဝယ်လာခဲ့ရာ ကြွေးမြီကပါ လည်ပင်းခိုက်နေသည့် အဖြစ်ကြောင့် ချာချာလည်နေခဲ့ လေပြီ။ လှေကြီးမှာလည်း လှိုင်းရိုက်ထားသောဒဏ်ရာ၊ လှေဝမ်းဗိုက် ထဲရှိနေကြသော ရေလုံးတို့ ရုန်းအားကြောင့် တာရှည်မခံဘဲ ပြိုကွဲပျက်စီး သွားရပေတော့သည်။
''ဒါကြောင့်ပဲ သားရယ်၊ အဖေနဲ့အမေက ကြံရာမရတော့ အိမ်ကို ရောင်း၊ မြေကိုရောင်းပြီး အဖေ့ ဇာတိ မြေ ဒီ ငပသုန်ကျွန်းကို ပြောင်းလာ ခဲ့ကြတာလေ"
"ဟုတ်တယ်သားရယ်၊ ရင်ထဲမအေးတဲ့အဖြစ်တွေမို့ သားကို သောကတွေဝင်ပြီး စာဖတ်တာ အနှောင့် အယှက်ဖြစ်နေမှာစိုးလို့ သားဆီ သတင်း မပို့ခဲ့တာပဲကွယ်၊ သားညီလေး သန်းမြင့်ဆုံးတုန်းကလည်း အဲလိုပဲ သား ကို စိတ်သောကမပေးချင်တာနဲ့ သားကို အသိမပေးခဲ့တာလေ"
"ဪ အမေရယ်"
အဖေနှင့်အမေတို့ ပြောစကားများက ကျွန်တော့် ရင်ထဲမချိအောင် ခံစားရသည်။
"ငပသုန်ရောက်တော့လည်း အဖေနဲ့အမေ ရပ်ထဲရွာထဲမှာမနေဘဲ ဘာလို့ လူသူမနီးတဲ့ တောကြီးထဲ လာနေကြတာလဲဗျာ"
"ဒါက ဒီလိုရှိတယ်သားရဲ့ အဖေကတော့ ဒီရွာသားတွေလိုပဲ ပင်လယ် ပြင်ထွက်ပြီး ငါးဖမ်းမယ်၊ ဒီက ပိုက်သမားတွေမှာ လှေတွေလိုလို့ရှိရင် အဖေက အမ်းမြို့နယ် ရိုးမဘက်တက်ပြီး လှေတုံးတွေချပေးပြီး ရောင်း မယ်ပေါ့နော်။ အမေ့ကိုတော့ ကလေးတွေနဲ့ပဲ အိမ်မှာ ဝက်မွေးမယ်၊ ကြက်မွေးမယ်ဆိုတာ မျိုးထားမယ်လို့ စီစဉ်ထားတယ်"
အမှန်တော့ အဖေသည် အထည်ကြီးပျက်ဘဝနဲ့ မိသားစုဘဝတစ်ခုကို ပြန်လည်ထူထောင်ဖို့ ကြိုးစား နေခြင်းလို့ ကျွန်တော့အာရုံထဲ သတိ ထားလိုက်မိသည်။ ရပ်နဲ့ကွာ ရွာနဲ့ဝေးဆိုသည့်နေရာမှာ အခြေချခြင်းမှာလည်း ဝက်၊ ကြက် မွေးမြူရေးက တွဲပါလာခြင်းကြောင့် ရွာနဲ့ ဝေးဝေးလံလံမှာ နေထိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။
မေလလယ်လောက်ပဲ ရှိမည်ထင်ပါသည်။ အဖေသည် ငါးဖမ်းလှေ လိုချင်သူများရှိလို့ အမ်းမြို့နယ် ရိုးမတောင်ခြေ ဒါးလက်ချောင်းဘက် တက်သွားခဲ့သည်။ ကျွန်တော်သည်လည်း ငပသုန်ရွာ အစိုးရ မူလတန်း ကျောင်းမှာ ကျောင်းဖွင့်လျှင် ကျောင်းအုပ်ဆရာကြီးနဲ့ တွဲဖက်ပြီး စာဝင်ပြဖို့ ကျောင်းသား မိဘများ အကူအညီတောင်းထားလို့ လက်ခံထားပြီး ဖြစ်သည်။ သို့ဖြစ်၍ သရက်တောင်ရွာတွင် တာဝန် ထမ်းဆောင်နေကြသော ရင်းနှီးရာ ဆရာ၊ ဆရာမများ ဆီသွားပြီး မှတ်စုမှတ်တမ်း၊ စာအုပ် စာတမ်းများ အကူအညီတောင်းရန် သရက်တောင်သို့ ရောက်နေခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။