နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၇ ရက်)
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လိုလားကြသည်။ စီးပွားရေး ကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများအနေဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဖြစ်သည်။ စီးပွားရေးနှင့်နိုင်ငံရေးသည် အပြန်အလှန် အမှီသဟဲပြု နေခြင်းဖြစ်ပြီး နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ နိုင်ငံရေးစနစ် အမျိုးမျိုးကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးစနစ်များ ပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးမှုများ ရှိခဲ့သည်။ စီးပွားရေးတွင် တိုးတက်မှုများရှိသကဲ့သို့ ထိုက်သင့်သလောက် အောင်မြင်မှုမရှိခဲ့သည်များ လည်းရှိခဲ့သည်။
နိုင်ငံတိုင်းတွင် စီးပွားရေးအားနည်းလာသည်နှင့် နိုင်ငံရေးတွင် ပြဿနာများ ပေါ်ပေါက်လာလေ့ရှိသည်။ မြန်မာနိုင်ငံ၏ အတိတ်ကာလတွင် ထိုအတွေ့အကြုံများရှိထားပြီး ဖြစ်သည်။ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုများမှာ နိုင်ငံရေးအားနည်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ ခေတ်အဆက် ဆက်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အားသာချက်များ၊ အားနည်းချက် များကို သင်ခန်းစာယူဖော်ထုတ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် လူတစ်ဦးချင်းစီအလိုက် စားရေး၊ နေရေး၊ ဝတ်ရေးကို အဆင်ပြေ စေရေး ဆောင်ရွက်ပေးရန်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်ခြင်း ဖြစ်သဖြင့် အဆိုပါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အလားတူ အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ လူတိုင်းတွင်စားဝတ်နေရေးဟူ၍ အပိုင်းသုံး ပိုင်းရှိပေရာ အဆိုပါအပိုင်းသုံးပိုင်းလုံးအဆင်ပြေစေရေးမှာ စီးပွားရေးကောင်းမွန်နေရေးပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အပြင် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်း စနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိသဖြင့် စားရေးနှင့်ပတ်သက်၍ အခက်အခဲမရှိပေ။
ဝတ်ရေးနှင့်ပတ်သက်၍ လူတိုင်းသည် အဝတ်အထည်များကို မဖြစ်မနေအသုံးပြုရသည်။ မြန်မာ နိုင်ငံသည် ဝါစိုက်ပျိုးသည့်နိုင်ငံဖြစ်သဖြင့် ပြည်တွင်း၌ ဝါများ လုံလောက်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေးအတွက်လည်း နိုင်ငံတော် အစိုးရအနေဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။ အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ် နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ဝါမှဝါဂွမ်း၊ ချည်၊ ပိတ်နှင့် ချည်ထည်များ အဆင့်ဆင့် ထုတ်လုပ်ရသည်။ ဝါကိုအဓိက စိုက်ပျိုးသည့်ဒေသများ၌ ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၁ ရက်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားခဲ့သည်။
ထိုသို့ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူများ အနေဖြင့် လည်း စီးပွားရေး တိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်သည်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက် ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ်ထုတ်လုပ်သွားမည်ဆိုပါက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ပေသည်။ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံး လုပ်ငန်းများဖြစ်သဖြင့် ကုန်ကြမ်း သေချာသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည် ဆိုပါက ပြည်နယ် အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများတိုးတက်ကာ ပြည်သူများ၏ စီးပွားရေးများ ကောင်းမွန်လာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။