စာမတတ်သူလုံးဝပပျောက်ရေး ဝိုင်းဝန်းကူညီပေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၈ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးနှင့်ပတ်သက်၍ ‘‘တစ်နိုင်ငံလုံးအသိပညာ၊ အတတ် ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ကို ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် အလယ်တန်း ပညာများ ပြီးမြောက်သူများကို အထက်တန်းတွင် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်သူများ ဖြစ်အောင် သင်ကြားပေးလျက်ရှိသည်။ ယနေ့နိုင်ငံတော်တွင် ကျင့်သုံးနေသည့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် စာမတတ်သူပပျောက်ရေးကို ဦးတည်ခြင်း ဖြစ်သည်။ စာတတ်သူများလာမှ ဆင်းရဲမှုသည်လည်း လျော့နည်းလာမည် ဖြစ်သည်။
၂ဝ၂၄ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်မှာ “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့” ဖြစ်သည်။ စာတတ်မြောက်ရေးသည် လူသားတစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးပါသည့်ကိစ္စရပ်ဖြစ်သည်။ စာပေသည် အမှောင်ကိုခွင်း၍ အလင်းကိုဆောင်နိုင် သည်ဟု ဆိုထားပေရာ စာမတတ်သူမှာ အမှောင်တွင်းရောက်နေသူနှင့် ပမာတူလှသည်။ မျက်စိနှစ်ကွင်း အလင်း မရသူသည် မိမိတစ်ဦးတည်းရပ်တည်၍ မဖြစ်နိုင်သကဲ့သို့ စာမတတ်သူမှာလည်း မိမိသိချင်သည့် အကြောင်းအရာ အချက်အလက်များ သိရှိရေးအတွက် အခြားသူတစ်ဦးကို အားကိုးရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးကဏ္ဍနှင့် ပတ်သက်လာလျှင် ကျောင်းပြင်ပ ပညာရေးကိုလည်း အကောင်အထည်ဖော်ပေးလျက်ရှိသည်။ ကျောင်းပြင်ပ ပညာရေးဆိုသည်မှာ နိုင်ငံအတွင်းရှိ ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေအရွယ်တွင် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ဖူးသူများနှင့် စာမတတ်သူများအတွက် အသက် အုပ်စုများ ခွဲခြားသတ်မှတ်ပြီး စာတတ်မြောက်ရေးစဉ်ဆက်မပြတ် ပညာရေးအစီအစဉ်ဖြင့် သင်ကြားပေး ရေးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတစ်ခုနှင့် တစ်ခုဖွံ့ဖြိုး တိုးတက်မှု ကွာခြားရသည့် အကြောင်းများတွင် စာတတ်မြောက်မှုနှုန်း မြင့်မားခြင်းအပေါ် မူတည်သည်။ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ စာတတ်မြောက်ရုံဖြင့် ကျေနပ်၍ မနေသင့်သေးဘဲ စာဖတ်ခြင်း၊ အစဉ်တစိုက်လေ့လာခြင်းများ ပြုလုပ်နေကြရဦးမည် ဖြစ်သည်။ ထို့ပြင်အခြား ဘာသာ စကားကိုလည်း တတ်မြောက်သင့်ပေသည်။
မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုသည် ရှေးဘုရင်များလက်ထက်တွင် ဘုန်းတော်ကြီးသင် စာပေ သင်ကြားမှု ကျေးဇူးကြောင့် ကျေးလက်နေပြည်သူများပါမကျန် စာတတ်မြောက်ကြသည်။ စာတတ် မြောက်နှုန်း ၈၅ ရာခိုင်နှုန်းအထိမြင့်မားခဲ့သည်။ မြန်မာနိုင်ငံကိုလိုနီ လက်အောက်ရောက်သွားသည့်အခါ မြန်မာတို့၏ စာပေတတ်မြောက်မှုမှာ လွန်စွာနိမ့်ကျသွားခဲ့သည်။ စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်း အဆင့်သာရှိတော့သည်။ စာတတ်မြောက်မှုနှုန်း လျော့နည်းခြင်းနှင့်အတူ မြန်မာတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ အဘက်ဘက်တွင် နိမ့်ကျသွားခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ပြန်လည်ရရှိချိန်မှစ၍ စာမတတ်သူ ပပျောက်ရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။
၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်သူလူထုပညာရေးအတွက် လူထုပညာရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၉ ခုနှစ် မတ်လမှစ၍ လူထုပညာရေးကောင်စီက လူထုပညာရေးသင်တန်းနှင့် “အ” သုံးလုံးကျေ သင်တန်းများကို ပထမလေးနှစ်စီမံကိန်း (၁၉၅၂-၁၉၅၆)နှင့် ဒုတိယလေးနှစ်စီမံကိန်း (၁၉၅၆-၁၉၆ဝ)တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စာတတ်မြောက်ရေး ကြိုးပမ်း အားထုတ်မှုအနေဖြင့် ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း အခြေခံပညာကို လူတိုင်းသင်ယူရရှိရန်နှင့် စာတတ်မြောက်ရေး လှုပ်ရှားမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မိတ္ထီလာ ခရိုင်ကို ခရိုင်လုံးကျွတ် စာတတ်မြောက်လာသည်အထိ ကြိုးပမ်းခဲ့ရာ ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာ သည် မြန်မာနိုင်ငံ၌ ပထမဆုံး ခရိုင်လုံးကျွတ် စာတတ်မြောက်သည့်ဒေသ ဖြစ်လာခဲ့သည်။
ထို့နောက် ၁၉၆၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် တိုင်းလုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲများ ကျင်းပနိုင်ခဲ့သည်အထိ စာမတတ်သူ ပပျောက်ရေးလှုပ်ရှားမှုများ အောင်မြင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေး လှုပ်ရှားမှုများမှာ လွန်စွာအောင်မြင်ထင်ရှားသည့်အတွက် ယူနက်စကိုအဖွဲ့က စာတတ်မြောက်ရေး အထိမ်းအမှတ်ဆုများအဖြစ် ၁၉၇၁ ခုနှစ်တွင် မိုဟာမက်ရီဇာပလာဗီဆုနှင့် ၁၉၈၃ ခုနှစ်တွင် နိုမာဆု များကို ချီးမြှင့်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်တစ်ယောက်မကျန် စာတတ်ရန်ဟုကြွေးကြော်လျက် သက်ကြီး စာမတတ်သူများကို ဝိုင်းဝန်းကူညီသင်ကြားပေးခဲ့ရာ စာတတ်မြောက်မှုနှုန်းမှာ ၁၉၈၈ ခုနှစ်တွင် ၈ဝ ဒသမ ဝ၄ ရာခိုင်နှုန်းအထိရှိခဲ့သည်။ စာပေတတ်မှအကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြား သိမြင်နိုင်ပေမည်။ အနှစ်ချုပ်ဆိုရသော် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာ ရေးစနစ်တွင် ပါဝင် လျှောက်လှမ်းကြရန်နှင့် မြန်မာနိုင်ငံတွင် စာမတတ်သူလုံးဝ ပပျောက်ရေးအတွက် အားလုံးက ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။