ရွှေတိဂုံစေတီတော်သို့ ယခုနှစ် မေလမှ ဩဂုတ်လအတွင်း ဘုရားဖူးဧည့်သည် ၁၉ သိန်းကျော် လာရောက်ဖူးမြော်

ရွှေတိဂုံစေတီတော်သို့ ယခုနှစ် မေလမှ ဩဂုတ်လအတွင်း ဘုရားဖူးဧည့်သည် ၁၉ သိန်းကျော် လာရောက်ဖူးမြော် 

ရန်ကုန်   စက်တင်ဘာ   ၇

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ်  မေလ၊  ဇွန်လ၊  ဇူလိုင်လနှင့်  သြဂုတ်လတို့တွင်   ပြည်တွင်း၊  ပြည်ပ ဘုရားဖူးဧည့်သည်   ၁၉   သိန်းကျော်   လာရောက်ဖူးမြော်   ကြည်ညိုခဲ့ကြောင်း ရွှေတိဂုံစေတီ တော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

ယင်းကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့် မေလတွင် ၅၇၆၃၄၆ ဦး၊ ဇွန်လတွင် ၅၄၅၆၆၁ ဦး၊ ဇူလိုင်လတွင် ၄၄၀၉၁၇ ဦး၊ သြဂုတ်လတွင် ၃၆၃၂၆၁ ဦး စုစုပေါင်း ၁၉၂၆၁၈၅  ဦး လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ယင်းကာလများသည် မိုးရာသီကာလဖြစ်၍ ဘုရားဖူးဝင်ရောက်မှုနည်းသော်လည်း တစ်ရက်လျှင် တစ်သောင်းဝန်းကျင် ရှိပြီး စနေ၊ တနင်္ဂနွေနှင့်  နေ့ထူးနေ့မြတ် များတွင်    ဘုရားဖူးဧည့်သည်တစ်သိန်း ကျော်အထိ ဝင်ရောက်မှုရှိကာ မေလ ၂၂ ရက် (ကဆုန်လပြည့်နေ့)တွင် ၁၂၅၆၂၉ ဦး၊ ဇူလိုင်လ ၂၀ ရက် (ဝါဆိုလပြည့်နေ့)တွင် ၁၀၉၄၅၀  ဦး ဝင်ရောက်ခဲ့သည်။

"မိုးရာသီကာလဆိုတော့ ဘုရားဖူး ဝင်ရောက်တာ နည်းတယ်ဆိုပေမယ့် ရုံးပိတ်ရက်တွေနဲ့ ကဆုန် လပြည့်နေ့၊ ဝါဆို လပြည့်နေ့တို့လို နေ့ထူးနေ့မြတ်တွေမှာ ဆိုရင် ဘုရားဖူးဧည့်သည်တစ်သိန်းကျော် ရှိပါတယ်။  ပြည်တွင်း ဘုရားဖူးဧည့်သည်အပြင်   နိုင်ငံခြားခရီးသွား ဧည့်သည်တွေလည်း လာကြတယ်" ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှဘုရားဖူး ပြည်သူများ အဆင်ပြေ စေရန်  ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်မှစ၍ ဘုရားဖူးမြော်ချိန်ကို နံနက် ၅ နာရီမှ ည ၈ နာရီအထိ အချိန် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်ရန်  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီမှ ည  ၉ နာရီ အထိ ဘုရားဖူးမြော်ချိန် တိုးမြှင့်ဖွင့်လှစ် ပေးထားကြောင်း သိရသည်။

 ဝန်းရံခ