လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

လွိုင်ကော်     စက်တင်ဘာ     ၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်များနှင့်   သိပ္ပံကျောင်း များ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားစီမံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည်  လွိုင်ကော် ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှု အားပေးသည်။ ဆက်လက်၍ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊  အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာများ၊ ခန်းမဆောင်နှင့် ကျောင်း စာကြည့်တိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ကျောင်းဝင်း အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက်  သန့်ရှင်းရေး  ဆောင်ရွက်ပေးနေမှုများအား  ကြည့်ရှု အားပေးပြီး စာသင်ဆောင်များ၊  ဘွဲ့နှင်း သဘင် ခန်းမနှင့်    အားကစားခန်းမ၊ စားရိပ်သာနှင့် ဝန်ထမ်းများ၏ နေအိမ်များ၊ သန့်စင်ခန်းများအား လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအစည်းအဝေးခန်းမဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်နယ် ဝန်ကြီးချုပ်က ဒေသအခြေအနေအရ ပိတ်ထားခဲ့ရသော ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး လွိုင်ကော် ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)ကျောင်း နှစ်ကျောင်း အတွက် ဦးစားပေးအနေဖြင့်  စာသင်ဆောင်များ၊ ရုံးခန်းများ၊ အိပ်ဆောင်များ ၊ စားရိပ်သာများ၊ ဝန်ထမ်းများ၏ နေအိမ်များ၊ သန့်စင်ခန်းများတွင် ဆောင်ရွက်ပေးရမည့် လျှပ်စစ်မီးနှင့် ရေရရှိရေး၊ အဆောင်များ၏ အမိုးနှင့် မျက်နှာကြက်များ၊  ပြတင်းတံခါးများ ပြုပြင်နိုင်ရေး၊  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကို အမြန်ဆုံးဆောင်ရွက်ရန်နှင့်   ပြည်နယ်အတွင်းရှိ   အဆင့်မြင့် ပညာသင်ကြား ရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ကျောင်းများ ပြန်လည် တက်ရောက်သင်ကြားနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအားလုံးက အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုဇင်(လွိုင်ကော်)