ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်

ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်

ပွင့်ဖြူ  စက်တင်ဘာ     ၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့်  ငါးသယံဇာတများ  ကြွယ်ဝစေရန် ရည်ရွယ်၍  စက်တင်ဘာလ  ၇ ရက်  နံနက်ပိုင်းတွင်   ပွင့်ဖြူမြို့  သက်တော်ရှည် ရပ်ကွက်အနီး   မုန်းချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား     ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စံပယ်လှိုင်နှင့်ဝန်ထမ်းများ၊  မြို့နယ် ငါးသားဖောက်စခန်းတာဝန်ခံ  ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများက ငါးသယံဇာတဖူလုံစေရေးအတွက် မုန်းချောင်းသဘာဝ ရေပြင်အတွင်း   နှစ်လက်မ အရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ  ၁၀၀၀၀၀၊  ငါးခုံးမကြီး  ကောင်ရေ  ၁၀၀၀၀၀  စုစုပေါင်း ကောင်ရေ ၂၀၀၀၀၀ အား မျိုးစိုက်ထည့်ပေးကြသည်။

ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိ ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ညွှန်ကြားမှုဖြင့် နှစ်စဉ်မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ၊ စပါးစိုက်လယ်မြေများအတွင်း   ငါးမျိုးများ စိုက်ထည့်ပေးခြင်းလုပ်ငန်းကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်အပြင် မြို့နယ် ငါးသား ဖောက် စခန်းကလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  တစ်နိုင် တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ရွှေဝါငါးကြင်း၊  ငါးခုံးမကြီး ၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းနှင့်  အခြေခံ ငါးမွေးမြူရေးဆိုင်ရာ သင်တန်းများကိုလည်း အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စံပယ်လှိုင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)