ပဲပုတ်စေ့ ပဲပုတ်ဆီနှင့် ကျန်းမာရေး

ပဲပုတ်စေ့ ပဲပုတ်ဆီနှင့် ကျန်းမာရေး

ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ Soybean၊ Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။ Fabaceae မျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာ Glycine Max ဖြစ်သည်။ ပဲပုပ်သည် အရသာ ကောင်းပြီး စားသုံးမှုများသော သီးနှံတစ်မျိုးဖြစ်သည်။ လေ့လာမှု မှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ ၁၀ မျိုးထဲတွင် နံပါတ်(၆) စာရင်းဝင်သော သီးနှံဖြစ်ကြောင်းနှင့် ကမ္ဘာ့ အရေးကြီးဆုံး သီးနှံ ၁၀ မျိုးမှာ ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနံ၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ဝဥနှင့် Plantain (ခေါ်) ချက်စားရသော ငှက်ပျောသီးတစ်မျိုးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပဲပုပ်ကို မည်သည့်ခုနှစ်တွင် စတင် စိုက်ပျိုးခဲ့သည်ကို သီးနှံသမိုင်းတွင်မတွေ့ ရသော်လည်း တရုတ်နိုင်ငံ၏ ရှေးဟောင်းစာပေများတွင် ပဲပုပ်ပင် အမြောက်အမြားစိုက်ပျိုး၍ အလွန်အဖိုးထိုက်တန် သော အစားအစာတစ်ခုအဖြစ် လူတို့စားသုံးခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို လေ့လာ မှတ်သား ရသည်။ ပဲပုပ်တွင် အရောင်အသွေးအမျိုးမျိုးရှိရာ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်နှင့် အစိမ်းရောင်ရှိသော မျိုးများမှာ လူသိအများဆုံးဖြစ်ပြီး အထူးသဖြင့် အဝါရောင်နှင့် အစိမ်းရောင်ပဲမျိုးကို စားသုံးမှုပိုများသည်။

ပဲပုပ်သည် ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသော အစားအစာတစ်မျိုးဖြစ် သောကြောင့် ရှမ်းရိုးရာအစားအစာ(ရှမ်းပဲပုပ်)ဟူ၍ လူသိများခဲ့သော်လည်း ယနေ့ခေတ်တွင် ရှမ်းတိုင်း ရင်းသားများသာမက တိုင်းရင်းသားမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသည်။ ပဲပုပ်အမျိုးမျိုးရှိသည့်အနက် အဝါရောင်ပဲပုပ်မျိုးသည် ပိုမွှေး၊ ပိုဆိမ့်ကာ အရသာ ထူးသဖြင့် ရှမ်းပြည်နယ်၌ ၁၉၅၅ ခုနှစ်က အထူး တလည် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း လေ့လာမှတ်သားရသည်။ ပဲပုပ်ကို အချပ်လိုက် အခြောက်လှန်း ထားသော ပဲပုပ်ချပ်အချို သို့မဟုတ် ပဲပုပ်ချပ်အစပ်အဖြစ်လည်း ကောင်း၊ ခပ်ပျော့ပျော့ ပဲငါးပိအဖြစ် လည်းကောင်း ဝယ်ယူရရှိနိုင်သည်။

 

ပဲပုပ်နှင့်နိုင်ငံတကာစားသုံးမှု

ပဲပုပ်၏ ဇာတိမှာ တရုတ်နှင့် ဂျပန်နိုင်ငံတို့ဖြစ် ပြီး ထိုနိုင်ငံများ၌ ရှေးခေတ်ကာလကတည်းကပင် ပဲပုပ်ကို စိုက်ပျိုးစားသုံးခဲ့ကြကာ ယနေ့ကာလ ပဲပုပ်ဆီထုတ်လုပ်သော နိုင်ငံအလိုက် လေ့လာကြည့်ရာတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေကြောင်း တွေ့ရသည်။

ပဲပုပ်၏အာဟာရဓာတ် ပေါကြွယ်ဝပုံကို တစ်စထက် တစ်စသိရှိလာကြရာ အမေရိကန်၊ အီဂျစ်၊ ရုရှား၊ မြန်မာနှင့် နီပေါ စသည့်နိုင်ငံများ၌ပါ တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိကြသည်။

ပဲပုပ်ကို နိုင်ငံတကာစားသုံးမှုနှင့်ပတ်သက်၍ ဗဟုသုတတစ်ရပ်အနေဖြင့် ဝေမျှရလျှင်-

  • တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့်ဆက်စပ်လျက် ရှိသော မွန်မြတ်သည့်သီးနှံငါးမျိုးတွင် ပဲပုပ် သည် တစ်မျိုးအပါအဝင်ဟု ဆိုထားသည်။
  •  ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမနီနိုင်ငံ၌ ပဲပုပ်မှ အာဟာရဖြစ်စေတတ်သည့်ဓာတ်များ ကို သိပ္ပံနည်းဖြင့်ထုတ်ယူပြီး ဆေးလုံးလေး များကဲ့သို့ ကယ်လိုရီ ၁၅ဝဝ ခန့်ပါရှိသော ရိက္ခာ လုံးလေးများပြုလုပ်ကာ နာဇီရိက္ခာလုံးလေး ဟုအမည်ပေး၍ ဂျာမန်စစ်တပ်အတွက် ထုတ် ဝေပေးခဲ့ကြောင်း၊ စစ်သားတစ်ဦးအတွက် ယင်း ရိက္ခာလုံးနှစ်လုံး သို့မဟုတ် သုံးလုံးစားထား လျှင် တစ်နေ့တာလုံး အင်အားမဆုတ်ယုတ်ဘဲကျန်းမာစွာနေနိုင်ကြောင်း သိရသည်။
  • ရုရှား-ဂျပန်စစ်ပွဲကြီးတွင်လည်း ဂျပန်စစ်သားများ စစ်မြေပြင်တွင် ခံနိုင်ရည်ရှိရေးအတွက် ဂျပန် အစိုးရက ပဲပုပ်ကို အများဆုံးအားထားခဲ့ကြောင်း သိရသည်။
  • ပဲပုပ်ကို လူသားတို့ အာဟာရသီးနှံအဖြစ် စား သုံးရုံမျှမက အမေရိကန်နိုင်ငံ၌ ပဲပုပ်မှ ဆော့စ်၊ နို့၊ ဒိန်ခဲ၊ ကော်ဖီ၊ ကိတ်၊ စည်သွတ်ဘူးများ အပြင် တိရစ္ဆာန်အစားအစာများသာမက ပဲပုပ် ဆီဖြင့် စာရေးမင်၊ ပုံနှိပ်မင်၊ ဆပ်ပြာ၊ ရော်ဘာ တု၊ ဓာတ်ဆီ၊ ပလတ်စတစ်၊ ခဲတံ၊ အရောင်တင် ဆီ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ပိုးမွှားသတ် ဆေး၊ ကြွေဆေး၊ ဆီစိမ်စက္ကူ၊ သားရေတု၊ ဖယောင်းတိုင်၊ သိုးမွှေးတု၊ သုတ်ဆေး၊ သကြား လုံး စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်းအမျိုး ပေါင်း ၂ဝဝဝ ထုတ်လုပ်နိုင်သည်။ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့၌ ပဲပုပ်ပင်၏အမြစ် နှင့်အရိုးများကို ထင်းအဖြစ်လည်းကောင်း၊ အရွက်ကို အခြောက်လှန်း၍ ဆေးလိပ်ပြုလုပ် ရာတွင်လည်းကောင်း အသုံးပြုကြသည်။ အင်ဒို နီးရှားနိုင်ငံ၌ ကြံခင်းများကို ပဲပုပ်ဖြင့် မြေဩဇာ ကောင်းအောင် ပြုပြင်စိုက်ပျိုးကြသည်။

ပဲပုပ်နှင့် ကျန်းမာရေး

ပဲပုပ်တွင် အဓိကပါဝင်သော အာဟာရဓာတ်မှာ ပရိုတင်းဓာတ်ဖြစ်သည်။ တခြားသောကောင်းမွန်သည့် ဆီနှင့် Carbs တို့လည်းပါရှိသည်။ ပြုတ်ထားသော ပဲပုပ် ၁ဝဝ ဂရမ် (၃ ဒသမ ၅ အောင်စ)တွင်ပါရှိသည့် အာဟာရဓာတ်များမှာ ကယ်လိုရီ ၁၇၃၊ ရေဓာတ် ၆၃ ရာခိုင်နှုန်း၊ ပရိုတင်း ၁၆ ဒသမ ၆ ဂရမ်၊ Carbs ၉ ဒသမ ၉ ဂရမ်၊ သကြားဓာတ် ၃ ဂရမ်၊ အမျှင်ဓာတ် ၆ ဂရမ်၊ အဆီဓာတ် ၉ ဂရမ်၊ Saturated ၁ ဒသမ ၃ ဂရမ်၊ Monounsaturated ၁ ဒသမ ၉၈ ဂရမ်၊ Polyunsaturated ၅ ဒသမ ၀၆ ဂရမ်၊ အိုမီဂါ-၃ သုည ဒသမ ၆ ဂရမ်၊ အိုမီဂါ-၆ ၄ ဒသမ ၄၇ ဂရမ် စသည်တို့ အသီးသီးပါရှိနေကြသည်။

  • ပဲပုပ်တွင် ခွန်အားတိုးစေသော သံဓာတ်များ အလုံအလောက်ပါရှိနေသောကြောင့် သက်သတ် လွတ်စားသူများအတွက် သံဓာတ်ဖြည့်စွက်စာ အဖြစ် စားသုံးနိုင်သည်။
  • ပဲပုပ်တွင်ပါရှိသော အသားဓာတ် (ခေါ်) ပရို တင်းဓာတ်က တခြားသောသီးနှံများထဲရှိ ပရိုတင်း ဓာတ်မျိုးနှင့်မတူဘဲ သာလွန်ကောင်း မြတ်သော ပထမတန်းစား ပရိုတင်းဓာတ်ဖြစ်သည်။
  • ပဲပုပ်တွင်ပါရှိသော ပရိုတင်းဓာတ်သည် အမဲ သား၊ ကြက်ဥနှင့်နွားနို့တို့တွင်ပါရှိသော ပရို တင်းဓာတ်နှင့် အမျိုးအစားတူညီရုံမက ပဲပုပ် တွင် ပရိုတင်းဓာတ်ပါဝင်မှုပိုများသည်။ ထူးခြား ချက်မှာ ပဲပုပ်တွင်ပါရှိသော ပရိုတင်းပမာဏ သည် အမဲသားထက် နှစ်ဆ၊ ကြက်ဥထက် သုံးဆ၊ နွားနို့ထက် ၁၁ ဆ ပိုမိုပါဝင်သည်။
  • ပဲပုပ်တွင် ကစီဓာတ်ပါဝင်မှု လွန်စွာနည်းသဖြင့် ဆီးလွန်ရောဂါရှိသူများ အဝလွန်သူများနှင့် အတွက် ကောင်းကျိုးပြုသည်။ ပဲပုပ်က ပိန်သောသူကို ဝဖြိုးစေခြင်း၊ အရွယ် တင် နုပျိုစိုပြည်စေ ခြင်း၊ ဝမ်းချုပ်ခြင်းကိုကုသ နိုင်ခြင်း၊ ကြွက်သား၊ အရေပြားနှင့်အကြောများ ကို အားကောင်း စေခြင်း၊ ခန္ဓာကိုယ်တွင်း အပူ ဓာတ်ဖြည့်ပေး၍ အားပြည့်စေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့်အစာအိမ်တို့ကိုကျန်းမာစေခြင်း၊ ဗီတာမင်အေဓာတ်ကြွယ်ဝ၍ မျက်စိကို အားကောင်း စေခြင်း၊ ဦးနှောက်နှင့် အာရုံကြောများကို အားပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။
  • ပဲပုပ်က အရိုးနှင့်သွားများကို ခိုင်မာစေခြင်း၊ အရိုးကြီးထွားမှုကိုအားပေးခြင်း၊ခန္ဓာကိုယ် ထွားကျိုင်းစေခြင်း စသည်တို့ကြောင့် ကလေး ငယ်များနှင့်သက်ကြီးရွယ်အိုများအနေဖြင့် မဖြစ် မနေ စားသုံးပေးသင့်သည်။
  • ပဲပုပ်ကိုအပူပေး၍ ချက်ပြုတ်ထုတ်လုပ်ထား သော ပဲနို့ဒိန်ခဲကို နွားနို့ဒိန်ခဲနှင့် နှိုင်းယှဉ်ကြည့် ပါက ပဲနို့ဒိန်ခဲ၏ အနံ့၊ အရသာက သာလွန် ကောင်းမွန်သည်။ ပဲနို့ဒိန်ခဲတွင်လည်း နွားနို့ဒိန်ခဲ နည်းတူ လူတို့၏ အစာအိမ်နှင့် ကြောင်းကို အကျိုးပြုပေးသော ပိုးမွှားလေးများ ပါရှိနေပြီး ထူးခြားချက်မှာ ပဲနို့ဒိန်ခဲထဲရှိ ယင်း အကျိုးပြုပိုးမွှားလေးများက အရွယ်အစားပိုကြီးကာ ပို၍ လည်းဆေးစွမ်း ထက်မြက်ကြောင်း လေ့လာသိရှိရသည်။

 

သက်သတ်လွတ်စားသုံးသူများအတွက် အားထားရာ ပဲပုပ်ဟင်းလျာများ

ပဲပုပ်စေ့ကို သရေစာအဖြစ် အစိမ်းလိုက်ကြော် စားနိုင်သလို ပြုတ်၍လည်း သုပ်စား၊ ချက်စားနိုင်သည်။ သက်သတ်လွတ်ဟင်းလျာအဖြစ် ပဲပုပ်ထောင်းကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ် ဂျူးမြစ် ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်မြေပဲချက်၊ ပဲပုပ်စေ့ ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည်ဖြင့် မိမိ နှစ်သက်ရာ ပုံစံအမျိုးမျိုးပြုလုပ်စားသုံးနိုင်သည်။ ကချင်ပြည်နယ်၌ ပဲပုပ်ကို အမဲသားနှင့်ရော၍ အစပ် ချက်စားလေ့ရှိကြသည်။ ပဲပုပ်ကြိုက်တတ်လွန်းသူ များက ပဲပုပ်ခြောက် ၁ဝ ချပ်ခန့်ကို မီးအေးအေးတွင် ပင်းပါလာအောင်ကပ်၍ အအေးခံကာ ညက်ညက် ထောင်းပြီးနောက် တာရှည်ခံအောင် ဖန်ပုလင်းထဲ ထည့်ကာ စားသုံးကြသည်။

မုန်ညင်းရွက်နှင့်ပဲပုပ်သည် လွန်စွာလိုက်ဖက်သော ကြောင့် မုန်ညင်းဟင်းချိုထဲတွင် ပဲပုပ်ထောင်း မှုန့်ထည့်ခတ်၍ သောက်သုံးခြင်းဖြင့် အရသာထူးလှသည်။ ထို့ပြင် ခရမ်းသီးမီးဖုတ်သုပ် သို့မဟုတ် ခရမ်းချဉ်သီး မီးဖုတ်သုပ်ထဲတွင်လည်း ပဲပုပ်ထောင်းမှုန့်ကိုထည့်၍ သက်သတ်လွတ်သုပ်စားခြင်းဖြင့် ထမင်းမြိန်စေသည်။ (သက်သတ်လွတ်မဟုတ်သော ဟင်းလျာများအတွက် ပဲပုပ်သုံးလျှင် ငါးပိသုံးရန် မလိုပါ။ ဤအရသာနှစ်မျိုး ပေါင်းစပ်မိပါက အရသာဓာတ်ပျက်ပြယ်သွားတတ်သည်)

အထက်တွင် ဖော်ပြထားသည့်အတိုင်း ပဲပုပ် သက်သတ်လွတ် ဟင်းလျာများစွာထဲမှ အာဟာရဓာတ် နှစ်မျိုးစလုံးကို ဟင်းလျာတစ်မျိုးတည်းတွင် တစ်ပြိုင်တည်းရရှိနိုင်သည့် ပဲပုပ်မြေပဲကြော်ပြုလုပ် နည်းကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။ ပဲပုပ်မြေပဲကြော်ပြုလုပ်ရန်-

  • မညက်တညက်ထောင်းထားသော ပဲပုပ်ငါးချပ်၊
  • မီးကင်ပြီး မှုန့်ညက်အောင်ထောင်းထားသော ငရုတ်သီးခြောက်ငါးတောင့်၊
  • အခွံချွတ်ပြီးသား မြေပဲဆန်(အစိမ်း) လက်ဖက် ရည်ကြမ်းတစ်ပန်းကန်၊
  • ဆားသင့်တော်ရုံ၊ ဆီငါးကျပ်သားခန့် စသည်တို့ လိုအပ်သည်။
  • ပထမဦးစွာ မြေပဲဆန်(အစိမ်း)ကို မညက်တညက် ထောင်း၍ ဆီပူပူတွင် ကြွပ်သည်အထိကြော်ပါ။
  • မြေပဲဆန်ကျက်သွားပါက မညက်တညက် ထောင်းထားသော ပဲပုပ်ကိုကြော်ပါ။
  • ငရုတ်သီးခြောက်မှုန့်နှင့် ဆားတို့ကိုထည့်၍ ပဲပုပ်ကြွပ်လာသည်အထိကြော်ပါ။

- ပဲပုပ်ကြွပ်လာပါက မီးဖိုပေါ်မှချ၍ အအေးခံပြီးစားသုံးနိုင်ပါပြီ။

 (မှတ်ချက်) အချိုအရသာကြိုက်သူများက ဟင်းချို မှုန့် သို့မဟုတ် သက်သတ်လွတ် Dashi ဟင်းခတ်မှုန့် အနည်းငယ်ကိုထည့်၍ ချက်ပြုတ်နိုင်သည်။ ဗဟုသုတတစ်ရပ်အနေဖြင့် ဖော်ပြရလျှင် ပဲပုပ်သည် ပဲပိစပ်လုံးဝမဟုတ်ပါ။ အထက်တွင် ဖော်ပြထား သည့်အတိုင်း ပဲပုပ်က Soybean၊ Soya Bean ဖြစ်ပြီး ပဲပိစပ်က Horse Gram (ခေါ်) မြင်းစားပဲဖြစ် သည် (စကားချပ်-ပဲပိစပ်တွင် ပရိုတင်းဓာတ်ကြွယ်ဝ သဖြင့် ပြိုင်မြင်းများကို ကျွေးမွေးရာမှ ဈေးကွက်တွင် မြင်းစားပဲဟု အမည်တွင်ခြင်းဖြစ်ကြောင်း၊ ပဲပိစပ်ကို လူတို့စားသုံးခြင်းဖြင့်လည်း ကြောင်း လေ့လာမှတ်သားရပါသည်) ပဲပုပ်စေ့က ဆီ ထွက်ရှိပြီး ပဲပိစပ်က ဆီလုံးဝမထွက်ပါ။ ယနေ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာစားသုံးဆီဈေးကွက် တွင်တွေ့ ရသော Soybean Oil သည် ပဲပုပ်ဆီသာ ဖြစ်သည်။ သို့သော် လူအများစုက Soybean Oil ကို ပဲပိစပ်ဆီဟု ထင်မှတ်မှားနေကြသည်။ အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့အရေးကြီးဆုံး သီးနှံစာရင်းဝင် ပဲပုပ်ကို အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သက်သတ်လွတ်စားသုံးသူများပါ အာဟာရ ရှိရှိစားသုံးသင့်ပါ ကြောင်းနှင့် ပဲပုပ်ဆီ (ခေါ်)Soy- bean Oil ကိုစားသုံးခြင်းဖြင့်လည်း ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်

Dates: 
Wednesday, September 11, 2024 - 05:05