တတိယကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အကြီးအကဲ၏ စကားကို အီတလီ ပြင်းပြင်းထန်ထန်ဝေဖန်

တတိယကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အကြီးအကဲ၏ စကားကို အီတလီ ပြင်းပြင်းထန်ထန်ဝေဖန်

ရောမ၊ နိုင်ငံရေး

တတိယ ကမ္ဘာစစ်အတွက် စကားဦးသန်းသည့် NATO အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့၏ စကားကို အီတလီအစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရာတွင် ထိုလက်နက်များဖြင့် ရုရှားနိုင်ငံအတွင်း မတိုက်ခိုက်ရဟူသော ကန့်သတ်ချက်ကို ရုပ်သိမ်းပေးသင့် ကြောင်း NATO အတွင်းရေးမှူးချုပ်က ပြောထားခြင်း ဖြစ်သည်။

အီတလီအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်သည်တစ်ဦးတလေသော်မျှ စေလွှတ်သွားမည်မဟုတ်ကြောင်း နှင့် ယူကရိန်းသို့ ထောက်ပံ့ပေးသော စစ်လက်နက်ပစ္စည်းများကိုလည်း ယင်းနိုင်ငံအတွင်း၌သာ အသုံးပြုသင့်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျာနီက ပြောသည်။

ထို့ပြင် အီတလီနိုင်ငံသည် ငြိမ်းချမ်းရေးအတွက်သာ အမြဲတမ်း အလုပ်လုပ်မည်ဖြစ်ကြောင်းနှင့် လေသံ တင်းမာမှုကိုလည်း လျှော့ချမည်ဖြစ်ကြောင်း၊ အီတလီက NATO အဖွဲ့ဝင်ဖြစ်သည့်တိုင်အောင်  ဆုံးဖြတ်ချက် မှန်သမျှကို စုပေါင်းသဘောတူမှုဖြင့်သာ ချမှတ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ အီတလီဒုတိယဝန်ကြီးချုပ်ကလည်း တတိယကမ္ဘာစစ်နှင့် ပတ်သက်၍ မည်သူမျှ စကားဦး မသန်းသင့်ကြောင်း ပြောထားသည်။

အီတလီနိုင်ငံက မည်သည့်နိုင်ငံနှင့်မျှ စစ်ဖြစ်နေသည့်နိုင်ငံမဟုတ်ကြောင်း၊ ယူကရိန်းသို့ စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ပေးရမည့် အခွင့်အရေးရှိသော်လည်း ထိုလက်နက်များဖြင့် ရုရှားနိုင်ငံ အတွင်းသို့ တိုက်ခိုက်မှု မရှိစေရေးပိတ်ပင်မှုကို ဖြေလျှော့ပေးသင့်သည်ဆိုခြင်းမှာ မပြောသင့်သည့်စကားပင် ဖြစ်ကြောင်း ၎င်းကဆက်ပြောထားသည်။

အနောက်နိုင်ငံများက ယူကရိန်းသို့ တာဝေးပစ်လက်နက်များပင် ထောက်ပံ့ပေးထားပြီး ထိုလက်နက် များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်ခွင့်ပေးရန် NATO အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က အစောပိုင်းတွင် တိုက်တွန်းထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပသည့် ယူကရိန်းအရေး ငြိမ်းချမ်းရေးညီလာခံဟူသော အခမ်းအနားကို တက်ရောက်သူများအနေဖြင့် ယန်စတိုတန်ဘာ့၏ ပြောစကားများကို သတိပြုသင့် ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောသည်။               

Ref: Sputnik