ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် စက်တင်ဘာ ၁၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၄၀)ရပ်ကွက် သိန်းတစ်ရာလမ်းတွင် ကျော်သူအောင်၊ စိုးပိုင်နှင့် ဇင်ညီညီဖြိုး တို့ ၃ ဦးအား သတင်းအရရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ၃ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၄၀)ရပ်ကွက် မေတ္တာလမ်းရှိ မဝင်းမြင့်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀ ကို လည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ဆန်နားကျေးရွာ အနီးတွင် စိုင်းတိုးမမောင်းနှင်ပြီး စိုင်းရှဲန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
