လူတိုင်းသည် မိမိဖြစ်လိုသောဘဝကို မိမိသာရွေးပိုင်ခွင့်ရှိပေသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင် ပြီးသူများအနေဖြင့် မိမိဘဝအနာဂတ်အတွက် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ် အစရှိသည်ဖြင့် လျှောက်ထားနိုင်သော တက္ကသိုလ်များရှိသကဲ့သို့ အခြားသော တက္ကသိုလ် ပေါင်းများစွာလည်း ရှိလေသည်။ မိမိလုပ်ချင်ရာကို ဖြစ်အောင်လုပ်မည်ဟူသော စိတ်မျိုးထားရှိလျှင် အောင်မြင်မှု ရရှိမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံတော်တာဝန်ကို အဆင့်မြင့်သော ရာထူးတွင်ထမ်းဆောင်နေ ကြသူများ အားလုံးတွင် တူညီသောအချက်ရှိသည်။ ယင်းမှာ အားလုံးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူများ ဖြစ်ကြခြင်းပင်ဖြစ်သည်။
မိမိဘဝကိုမိမိ စီမံကိန်းဖြင့် ပုံစံချ၍ တည်ဆောက်ရမည်ဖြစ်ပေရာ မိမိလုပ်ဆောင်နေသော အလုပ်သည် မိမိကိုယ်တိုင် လုပ်ချင်လွန်း၍ လုပ်ရသော အလုပ်မျိုးသာ ဖြစ်သင့်သည်။ ဤအလုပ်ကိုလုပ်ချင်လွန်း၍ အခက် အခဲပေါင်းများစွာကို ကျော်ဖြတ်ကြိုးစားခဲ့ရသည်။ သို့မဟုတ်ဘဲ သူတစ်ပါးတိုက်တွန်း၍ဖြစ်စေ၊ နေရာလစ် လပ်လာ၍ဖြစ်စေ၊ အခြေအနေကျဉ်းကျပ်၍ဖြစ်စေ လုပ်ရသည်ဟူသော အဖြစ်မျိုး မဖြစ်သင့်ပေ။ မိမိမလုပ် ချင်ဘဲ၊ မကြိုက်နှစ်သက်ဘဲ၊ မယုံကြည်ဘဲ၊ စိတ်မဝင်စားဘဲ လုပ်ကိုင်နေရခြင်းသည် ဘဝကိုအရှုံးပေးရခြင်း တစ်မျိုးပင်ဖြစ်ပေသည်။
အချို့က “ကြုံသလိုပဲ၊ ကံပစ်ချရာပဲ၊ ဘဝပေးသလိုပဲ” ဟူသောစကားများ ပြောတတ်ကြသည်။ ဤစကား များသည် အရှုံးစကားများ၊ မျက်ရည်ခံထိုးသော စကားများသာ ဖြစ်သည်။ လူညံ့တို့၏ စကားပင်ဖြစ်ပေသည်။ လူတိုင်းသည် ဘဝကို ရှေ့သို့ဦးတည်ကာ အောင်မြင်လိုစိတ်ကိုသာ မွေးမြူသင့်သည်။ ဒုတိယမြန်မာနိုင်ငံတော် တောင်ငူခေတ်၌ ဘုရင့်နောင်သည် ကျော်ထင်နော်ရထာဘဝတွင် တပင်ရွှေထီးနှင့်အတူ ပြည်သို့ချီတက်ရ သည်။ နောင်ရိုးတိုက်ပွဲကို တိုက်ရသည်။ ကျော်ထင်နော်ရထာသည် ဆင်မြင်းဗိုလ်ပါတို့အား နောင်ရိုးချောင်းကို ကူးစေပြီးသော်...ဖောင်တို့ကိုဖျက်ပစ်လေသည်။ ထိုအခါ တပ်မှူး၊ စစ်ကဲတို့က ရန်သူအင်အားမှာ ၁၀ ဆမျှ ကြီးမားသည်ဖြစ်၍ အောင်ပွဲရခဲ့သော် တော်ပါသေးသည်။ အကယ်၍ အောင်ပွဲမရခဲ့သော် ဆုတ်ခွာရာ၌ ဖြတ်ကူးရန် ဖောင်မရှိသဖြင့် မခက်ပါလောဟု ပြောဆိုကြသည်။
ကျော်ထင်နော်ရထာက “မစိုးရိမ်နှင့်၊ မုချအောင်ရမည်၊ သို့မှသာ ပြန်၍ဆုတ်ရန်မစဉ်းစားတော့ဘဲ စိတ်တစ် ဖြောင့်တည်း စွန့်စား၍တိုက်ကြလိမ့်မည်” ဟု ပြန်ပြောလေသည်။ ဤပွဲတွင် ကျော်ထင်နော်ရထာသည် နောက်ဆုတ်ရန်လမ်းကို လုံးဝအလိုမရှိ၊ နောက်ဆံတင်းနေမည့် စိတ်မရှိစေလိုသဖြင့် ဖောင်များကို ဖျက်ဆီး လိုက်ခြင်းဖြစ်သည်။ အောင်ရမည်ဟူသောစိတ်၊ သည်ပွဲကို မအောင်လို့ကို လုံးဝမဖြစ်ဘူးဟူသော စိတ်ဖြင့် အားသွန်ခွန်စိုက်တိုက်ခိုက်ကြသောအခါ ထိုတိုက်ပွဲကိုအောင်နိုင်ခဲ့သည်။
အကယ်၍ ရဲမက်တို့သည်သာ နောက်ဆုတ်ရန်အရေးကိုတွက်ဆ၍ စိတ်နှစ်ခွနှင့် တိုက်ပွဲဝင်နေရမည်ဆိုပါက ဤတိုက်ပွဲသည် သမိုင်းတင်စံပြုလောက်အောင် အောင်မြင်သော တိုက်ပွဲဖြစ်လာလိမ့်မည်မဟုတ်ဟု ထင် သည်။ ယခုသော် ဘုရင့်နောင်၏ နောင်ရိုးစိတ်ဓာတ်သည် မြန်မာ့သမိုင်းတွင် “စံပြ” ဖြစ်ခဲ့သည်။ ဤနည်းတူ ပင် ယနေ့လူငယ်မောင်မယ်များသည် မိမိဘဝတိုးတက်ရေးအတွက် ရှေ့သို့သာ ချီတက်မည်ဟူသော စိတ်၊ ရည်ရွယ်ချက်တစ်ခုတည်း၊ တစ်လမ်းတည်းကိုသာ အာရုံထားသောစိတ်ဖြင့် ဘဝကိုဖြတ်သန်းကြရပေမည်။ လွန်မြောက်ခဲ့ပြီးသော ယမန်နေ့က ဘဝသည် ကျွန်ုပ်တို့ကို ခြယ်လှယ်စိုးမိုးနိုင်သော ဘဝမဟုတ်တော့ပေ။ ယမန်နေ့အထိ ရှည်မြင့်ခဲ့သောဘဝတွင် ကျွန်ုပ်တို့ လိုသလိုစေစားနိုင်ခဲ့သည်လည်း ရှိပေမည်။ စေစားနိုင်ခြင်း မရှိသည်လည်း ရှိပေမည်။ အတိတ်သည် ကျွန်ုပ်တို့အတွက် သင်ခန်းစာယူနိုင်ခွင့်နှင့် ထိုအတိတ်ကာလ၌ ကြိုးပမ်းခဲ့ခြင်းများအရ ဖြစ်ထွန်းသီးပွင့်ခဲ့သောအကျိုးကို ရိတ်သိမ်းခွင့်မှတစ်ပါး ဘာမျှအသုံးမဝင်တော့ပေ။ ထို့ကြောင့် ကျွန်ုပ်တို့၏ဘဝသည် အနာဂတ်နေ့ရက်ကာလတို့သာဖြစ်သည်။
လူတိုင်းအတွက် လက်ရှိအချိန်သည် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်တွင် အောင်မြင်လိုသော စိတ်ဓာတ်ကို ပဓာနထား၍ အောင်မြင်အောင်ကြိုးစားရမည်ဖြစ်သည်။ ကျယ်ပြောသော သမုဒ္ဒရာရေပြင်၌ လှေတစ်စင်းနှင့် လှေရှင်သည် လှိုင်းတံပိုးတို့ကို ရင်ဆိုင်နေရသည့်အခါ အားမာန်နှင့် အသက်ရှိသော လှေရှင် သည် မိမိလှေကို လိုရာသို့ အန္တရာယ်မှလွတ်အောင် ကြိုးစားလှော်ခတ်မည်လော၊ အသက်မရှိဘဲ ရေဟုန်လေ ဟုန်တို့ ရိုက်ခတ်ရာ လူးလိမ့်နေရသော လှေငယ်၏ ဆွဲဆောင်ရာသို့ မလှုပ်မယှက်လိုက်ပါမည်လော။ ဤသဘောကို နှိုင်းဆပါက လူသည် ဘဝ၏ လွင့်ပါးရာသို့လိုက်ပါနေမည့်အစား မိမိဆွဲဆောင်ရာသို့ ဘဝကိုခေါ်ယူပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိသာပေသည်။ သို့ဖြစ်ပေရာ ဘဝကို တိုးတက်အောင်ကြိုးစား လိုသူတိုင်း ရှေ့သို့မျှော်မှန်းအောင်မြင်လမ်းသို့ တက်လှမ်းနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။