
မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ကျွန်တော် ကျောင်းစတင်တက်ရောက်သည့်နေ့ကဖြစ်သည်။
ကျောင်းအုပ်ဆရာကြီးဦးဘခင် ကျွန်တော့်ကိုခေါ်ပြီး စကားပြောသည်။
"နွေတုန်းက မောင်ဘညွန့် ဒီကျောင်းမှာ လုပ်အားပေးစာပြဖို့ လျှောက်လိုက်သေးလား"
"ဟုတ်တယ်ဗျ ကျွန်တော် ဒီရွာကိုပဲရွေးလျှောက်လိုက်တာ၊ နောက်ပြီး ရုံးကလည်း ဘာမှအကြောင်းမပြန်တာနဲ့ ရွာပြန်လာခဲ့တာ"
"ဟုတ်တယ် တို့မြေပုံမြို့နယ် ပညာရေးမှူးရုံးက အဲဒီကိစ္စနဲ့ ဆရာကြီး ကိုခေါ်ပြီးပြောတယ်။ ငပသုန်ရွာကျောင်းကို လုပ်အားပေးတစ်ယောက် စာလာပြမယ်တဲ့၊ အဲဒါ ကျောင်းကိုသွားပြီး ကြီးကြပ်ပေးဖို့ပြောတယ်။ တို့မှာလည်းကွာ ဒီနှစ်လလေးပဲ နားချိန်ရတာဆိုတော့ အဆင်မပြေဘူး လေ"
"ကျွန်တော်လည်း ကျောင်းဆရာအဖြစ်နဲ့ ကလေးတွေ စာပြကြည့် ချင်တာလေ ဆရာကြီး"
"မောင်ဘညွန့် ခုလို အကူအညီပေးတာ ဆရာကြီးအရမ်းအားရတယ်ကွယ်၊ နို့မဟုတ်ရင် ဆရာကြီးမြို့သွားရင် ကလေးတွေ ကျောင်းမတက် ရ၊ စာမသင်ရဖြစ်နေကြတာကွဲ့"
"ရပါတယ်ဆရာကြီး။ ကျွန်တော် စာသင်စာပြ ဝါသနာပါတာနဲ့ အတော်ပဲ၊ ကျွန်တော် ကြိုးစားပြီး စာသင်ပြပေးပါ့မယ်"
ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ပြောနေရင်းပင် ညနေ ၄ နာရီထိုးပြီး၍ ကလေးများကို ကျောင်းလွှတ်ပေးလိုက်ကြသည်။
"မိုးရာသီဆိုတော့ နေစောင်းတာနဲ့ မှောင်သွားတာပဲ၊ မောင်ဘညွန့် က တဲထိဆင်းရမှာဆိုတော့ လှမ်းတယ်၊ ကဲ ပြန်ကြစို့"
ကျွန်တော်တို့နှစ်ယောက် လူချင်းခွဲပြီး လမ်းလျှောက်လာကြသည်။ စာသင်ကျောင်းအဖြစ် သတ်မှတ်ပေးထားသည့် ဥပုသ်ဇရပ်မှာ ရွာနဲ့ တော်တော်လှမ်းသည်။ ဆရာကြီးဦးဘခင်က ရွာမှာကျန်ခဲ့ပြီး ကျွန်တော် က မြစ်ဆိပ်ကမ်းဘက်သို့ ဆင်းလာခဲ့သည်။ လောင်းထားချိုင် လွန်သွားသည်ဟုဆိုလျှင်ပဲ တောင်ပြန်လေသည် ရှေ့ကအတင်းဝင်တိုးသည်။ ကျွန်တော် လေကိုရင်ဆိုင်ပြီး ရှေ့သို့ လှမ်းမြဲလှမ်းသည်။ ရွာကနေတဲသို့ နှစ်မိုင်ခန့်လျှောက်လိုက်မှ ရေနံဆီမီးခွက် မှိတ်တုတ်မှိတ်တုတ် လင်း လက်နေသောတဲကို လှမ်းမြင်လိုက်ရသည်။ ကျွန်တော် တဲထဲသို့ ငုံ့ဝင် လိုက်၏။
"ဟင် အမေ ရောက်နေပြီလား"
"ဟုတ်တယ် သား၊ နေ့ခင်းကတည်းက ရောက်တာလေ။ ထုံးကျီဆိပ် က ကူးတို့သည်ကို ပို့ခိုင်းတာ"
"အမေ နေကောင်းလာပြီနော်"
"ဟုတ်တယ် သားရယ်၊ ဆရာဝန်က ပြန်လို့ရပြီပြောလို့ ပြန်လာခဲ့တာ"
"အားရလိုက်တာ အမေ၊ အမေကျန်းမာဖို့က အရေးကြီးတယ်"
အမေသည် ရှေ့တစ်ပတ်လောက်ကပင် သွားကိုက်လာလို့ ထုံးကျီ သင်္ဘောဆိပ်ကနေ မြေပုံမြို့သို့ ဆရာဝန်နဲ့ပြဖို့အတွက် အဖေကြီးကိုယ် တိုင် သင်္ဘောဆိပ်သို့ လိုက်ပို့ခဲ့သည်။ ခု အမေပြန်ရောက်လာတော့ ကျွန်တော် တော်တော်ပျော်သွားသည်။
"မြို့တွေမှာ သားတို့စာမေးပွဲတွေလည်း အောင်စာရင်းသိရပြီ"
"ဟုတ်လား အမေ၊ သား အောင်တယ်မဟုတ်လားဟင် အမေ"
ကျွန်တော် အားရပါးရမေးဖြစ်လိုက်သည်။ သို့သော် အမေ့ဆီက အဖြေစကားထွက်မလာ။ အဖေ့ကို လှမ်းကြည့်တာတော့ တွေ့လိုက်ရ သည်။
"သတင်းစာထဲမှာ အောင်စာရင်းပါလာတာတဲ့ အမေတည်းနေတဲ့ အိမ်က ကလေးတွေကပြောတယ်၊ အမေက သားနာမည်ကိုပြောတော့ သူတို့တွေ တစ်ခေါက် ပြန်သွားကြည့်ကြတယ်"
"သား အောင်တယ်မဟုတ်လားဟင် အမေ"
"ကျောက်ဖြူစာစစ်ဌာနက မြေပုံမြို့သွားဖြေကြတဲ့ထဲက မောင်ဖေ ခင်၊ မောင်သိန်းဖေ၊ မောင်မြသိန်းနဲ့ မအေးမြိုင်တို့ပဲ အောင်စာရင်းမှာ တွေ့တယ်လို့ပြောတယ်"
အမေ ဆက်မပြောဘဲ ရပ်သွားသည်။ ကျွန်တော့်ရင်တွေ အရမ်းခုန် နေသည်။ အတော်လေးကြာမှ ကျွန်တော် ထပ်မေးဖြစ်လိုက်သည်။
"သားရော အမေ"
"သားနာမည်တော့ မတွေ့ဘူးတဲ့ကွယ်"
"ဟင်"
အနှစ်နှစ်အလလ မျှော်လင့်ထားခဲ့သော ကျောင်းဆရာဘဝရည်မှန်း ချက်တာရိုး ကျိုးပေါက်ခဲ့ပါပြီ။ ပညာရေး ရည်မှန်းချက်ပန်းတိုင်ကြီး ပြိုလဲခဲ့ရပါပြီ။ တန်းမြင့်ကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်လျှင် ကျေးလက်နေတောင်သူလယ်သမား၊ ရေလုပ်သားတို့၏ ရင်သွေးငယ် များ ပညာရေးမိုးနည်းရပ်ဝန်းအတွက် စေတနာမိုး၊ အကြင်နာမိုး၊ မေတ္တာ မိုးများ ရွာသွန်းဖြိုးရန် အားစိုက်ထားသမျှ သဲရေကျဖြစ်ခဲ့ရလေပြီ။
"သိပ်လည်း စိတ်ညစ်မနေပါနဲ့သားရယ်။ ဖြစ်လာတဲ့ဘဝမှာ စိတ်ညစ် နေလို့ရော ဘာထူးမှာလဲ"
အဖေသည် ခေါင်းရင်းခန်းမှာထိုင်ရင်း ရေနွေးသောက်နေရာက လှမ်း ပြောသည်။
ကျွန်တော် ဘယ်ပုံ ရှေ့သို့ဆက်ရပါ့။ အိမ်သားများ ထမင်းစားပြီးထား ကြလေပြီ။ ကျွန်တော် တဲမီးဖိုချောင်လေးသို့ဝင်ပြီး ပန်းကန်ပြားတစ်ချပ်မှာ ထမင်း၊ ဟင်းစုထည့်ပြီး ဖြစ်သလိုစားလိုက်သည်။ ဘုရားရှိခိုးပြီး ဘုရားစင်အောက်မှာထိုင်လျက် ကဗျာတစ်ပုဒ်ကောက်ရေးလိုက်တော့သည်။ ဖျက်လိုက်ပြင်လိုက်နဲ့ ညသန်းခေါင်ကျော်လောက်မှ အချောရေးပြီးသွား၍ ရေနံဆီမီးခွက်လေးလည်း အနားရသွားတော့ သည်။
ယုံကြည်ချက်
စံပယ်ပွင့်အား
လက်ဖြင့် ပွတ်ခြေ၊ ညက်ညက်ကြေလည်း
မပြယ်မွှေးနံ့၊ သင်းထုံပျံ့သို့
ဆင်ငိုမြက်အား
ချေဖျက်နင်းခြေ၊ ညက်ညက်ကြေလည်း
မသေမပျောက်၊ ပြန်လည်ပေါက်သို့
ငှက်ပျောပင်အား၊ ဓားတင်ပိုင်းဖြတ်
သေအောင်သတ်လည်း
ထပ်မံဝေဆာ၊ ရွက်လက်ဖြာသို့
ချိန်ခါသင့်မြတ်၊ ကျရောက်လတ်က
ငါ့ဘဝနွေ၊ ကန္တာတွေလည်း
ရွှေပိတောက်ခိုင်၊ ငုပန်းလှိုင်လို့
မြိုင်ဆိုင်ရွက်နု၊ ပင်တိုင်းလုကာ
ရတုသာမော၊ ဂိမှာန်တော၌
ဥဩငှက်လျှင်၊ နွေတေးဆင်၍
ပီပြင်အလှပေါ်လိမ့်တကား။ ။
ကျောက်ဖြူ မောင်ညွန့်လွင်
ကျွန်တော် ဘဝအတွက်အားမာန်ပြည့် ကဗျာတစ်ပုဒ်စပ်လိုက်ခြင်း ဖြစ်ပေသည်။ ကိုယ့်ကဗျာလေးကိုဖတ်ပြီး ကျေနပ်သလိုဖြစ်သွား၏။ "ငါသည် အောင်မြင်သူ လူသားတစ်ယောက်ဖြစ်ရမည်" လက်သီးကို ခိုင်ခိုင်ဆုပ်ပြီး ကျွန်တော် ဟစ်ကြွေးပစ်လိုက်သည်။ တစ်နေ့တစ်လံ၊ ပုဂံဘယ်ပြေး၊ ဆိုရေးစကား၊ အရှိသားပဲဟု ကျွန်တော်စွဲမြဲစွာ ခံယူလိုက် ပေပြီ။ ဆုံးရှုံးမှုအတွက် မခံမရပ်နိုင်သောမာန်သည် ကျွန်တော်၏ခံစားချက် နှလုံးအိမ်၌ အင်ပြည့်အားပြည့် ဖြစ်နေခဲ့လေပြီ။
ဆက်လက်ဖော်ပြပါမည်။