BRICS Media Summit တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာ

 

BRICS Media Summit  တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်   စက်တင်ဘာ   ၁၂

      ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် BRICS Media Summit သို့ တက်ရောက်ရန် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ BRICS အဖွဲ့အစည်း အမည်ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ၏ ထိပ်စီးစာလုံးများဖြင့် ပေါင်းစပ်၍ ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။

၂၀၂၄   ခုနှစ်တွင်  အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့ ထပ်မံပါဝင်ခဲ့သဖြင့် အဖွဲ့ဝင်ကိုးနိုင်ငံ ရှိလာသည့်အပြင် ဆော်ဒီ အာရေဗျနိုင်ငံမှာ ဖွဲ့စည်းမှုတွင်ပါဝင်ခြင်း မရှိသေးသော်လည်း ပူးပေါင်း လှုပ်ရှားလျက်ရှိသည်။

BRICS ထိပ်သီးအစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အိမ်ရှင်အလှည့်ကျစနစ်ဖြင့် ကျင်းပလျက်ရှိရာ ယခုနှစ် အောက်တိုဘာလတွင် ရုရှားနိုင်ငံ ကဇန်ဒေသ၌  (၁၆)ကြိမ်မြောက် BRICS ထိပ်သီး ညီလာခံကို လက်ရှိအဖွဲ့အစည်း ဥက္ကဋ္ဌ ရုရှားသမ္မတ ဗလာဒီမာပူတင် ဦးဆောင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်၊။

BRICS အဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အခွင့်အလမ်းများ အသားပေး လုပ်ဆောင်ရန်ရည်ရွယ်၍ မူလကဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း နှစ်စဉ်ကျင်းပခဲ့သည့် ညီလာခံများ၌ နိုင်ငံစုံမူဝါဒများ  ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းဖြင့် ပထဝီဝင် နိုင်ငံရေးအုပ်စုအဖြစ် ပြောင်းလဲလာပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လုပ်ဆောင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။

 ထို့အတူ BRICS မီဒီယာထိပ်သီး အစည်းအဝေးများကို BRICS နိုင်ငံများအကြား သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းပညာကဏ္ဍ မြှင့်တင်နိုင်ရေး ကဏ္ဍစုံမှ ကျွမ်းကျင်သူများဖြင့် နှစ်စဉ်ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ   ယခုနှစ်အစည်းအဝေးကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ  World Trade Center တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်မှ ၁၇ ရက်အထိ ရုရှားသတင်းအေဂျင်စီ (TASS) မှ တာဝန်ခံ ကျင်းပမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့ BRICS အဖွဲ့ဝင်နိုင်ငံများမှ ထိပ်တန်းမီဒီယာ အဖွဲ့အစည်း များမှ အကြီးအကဲများအပြင် BRICS နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် စိတ်ဝင်စား သည့်နိုင်ငံများမှ မီဒီယာများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အတူ ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်၊   ဦးသက်ဆွေနှင့် ညွှန်ကြားရေးမှူး      ဦးဟန်ဝင်းအောင်တို့ လိုက်ပါသွားကြကြောင်း သိရသည်။

Dates: 
Friday, September 13, 2024 - 09:59