တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသို့ ပံ့ပိုးလှူဒါန်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်
ရန်ကုန် စက်တင်ဘာ ၁၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ) ၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်သံအမတ်ကြီးက ပံ့ပိုးလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ရှိ သမိုင်းဝင်အောင်ဆန်း အားကစားပြိုင်ကွင်းကြီးကို နိုင်ငံတကာ အဆင့်မီ အသစ်တည်ဆောက်နိုင်ရေးနှင့် ယခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်အတွက် ကူညီပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးရန် ပြောကြားသည်။
ထို့နောက် တရုတ်နိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်များအတွက် တရုတ်ယွမ်ငွေ ၅၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၇၀၃၀ စီကိုပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌတို့က လက်ခံရယူကြပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးသစ္စာက အဖွဲ့ချုပ်များ ကိုယ်စား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် အဖွဲ့ချုပ်များကိုယ်စား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မျိုးဆက်သစ်လူငယ် ဝူရှူးအားကစား သမားများနှင့် ခြင်းလုံးအားကစားမယ်တစ်ဦးတို့က အားကစားနည်းအလိုက် သရုပ်ပြသကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင်ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ရေကူးကန်တွင် ပရိသတ် ၄၀၀ ဆံ့ RC နှစ်ထပ်ပွဲကြည့်စင် တည်ဆောက်နေမှုနှင့် ရေကူးကန် ထိန်းသိမ်း အသုံးပြုနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဘတ်ဂျက် ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရေးနှင့် လိုအပ်သည်များကို မှာကြားကာ တင်ပြချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်လျက်ရှိသော တိုင်းဒေသ ကြီး အားကစားနှင့်ကာယပညာဦးစီးဌာန RC နှစ်ထပ်ရုံးသစ် တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှု စစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် တည်ဆောက်ရေးနှင့် ဘောလုံး ကွင်းမြက်ခင်း ပြုပြင်ရေးအတွက် လိုအပ်သည်များမှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(၅၀၀)