ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်များ
ရေကြီးရေလျှံမှုသည် ကမ္ဘာတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ် အားလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး အကြီးမားဆုံးသော ရေလွှမ်းမိုးမှု အန္တရာယ်မှာ အာရှတိုက်တွင် ဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်စဉ်ပျမ်းမျှအားဖြင့် လူဦးရေ သန်း ၄၀၀ ကျော်သည် ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံခဲ့ရသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို တွေ့ကြုံနေရပြီး အဖြစ်အများဆုံးနှင့် အဆိုးရွား ဆုံးမှာ ရေလွှမ်းမိုးခြင်းဖြစ်သည်။ ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ရေနစ် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ဓာတ်လိုက်ခြင်း၊ အပူလောင်ခြင်း၊ မီးလောင်ခြင်း၊ တိရစ္ဆာန်များကိုက်ခံရခြင်း၊ ရေကြီးပြီးနောက် မီးစက်များ သို့မဟုတ် မီးဖိုချောင်သုံးပစ္စည်းများမှ ကာဗွန်မို နောက်ဆိုက်အဆိပ်သင့်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များနှင့် ဆက်စပ် နေသော ကျန်းမာရေးပြဿနာများ တွေ့ကြုံရနိုင်ပါသည်။ ရေကြီးပြီးနောက် အဖြစ်အများဆုံးသော ကျန်းမာရေး အန္တရာယ်များမှာ အစာအိမ်နှင့် အူလမ်း ကြောင်းရောဂါ၊ အရေပြားရောဂါ၊ မျက်စိ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်ပါသည်။
ရေကြီးရေလျှံမှု၏ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများတွင် နာတာရှည်ရောဂါ များပိုဆိုးလာခြင်း၊ မသန်စွမ်းမှု၊ အာဟာရ ချို့တဲ့မှုနှင့် စိတ်ကျန်းမာရေးပြဿနာ များအပါအဝင် ဆင်းရဲမှုဆိုင်ရာရောဂါများကို ခံစားရနိုင်ပါသည်။ ရေကြီးခြင်း သည် မြေအောက်ရေ၊ မြစ်များနှင့် ကမ်းရိုး တန်းရေများ လျှံတက်လာသောအခါတွင် မိလ္လာများ၊ လူနှင့်တိရစ္ဆာန်တို့၏ စွန့်ပစ်ပစ္စည်းများသည် ရေလွှမ်းမိုးမှုနှင့် အတူပါသွားနိုင်ပြီး စနစ်တကျ မသန့်ရှင်းပါက ရေကြီးရေလျှံမှုတွင် ထိခိုက်ခံစားရသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင် သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့် မုန်တိုင်းရေစီးဆင်းမှုမှ တစ်ဆင့် အစားအစာ ညစ်ညမ်းမှုများ ဖြစ်စေနိုင်ပါသည်။ ထို့ပြင် သန့်ရှင်းသော သောက်သုံးရေရရှိမှု လျော့နည်းလာပြီး ရေမှတစ်ဆင့် ကူးစက်ရောဂါများဖြစ်စေ နိုင်သောကြောင့် လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပါသည်။ ညစ်ညမ်းသောရေနှင့် ထိတွေ့မိခြင်းကြောင့် ရေမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ ဖြစ်သည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အူလမ်းကြောင်းပိုးဝင်ခြင်း၊ တိုက်ဖွိုက်အဖျားရောဂါနှင့် အသည်းရောင်အသားဝါအေ ရောဂါတို့ကို ဖြစ်စေ နိုင်သည်။ ဒဏ်ရာရသော အရေပြားနှင့် ထိတွေ့သော ကြွက်ကျင်ငယ်ရည်နှင့် ညစ်ညမ်းသောရေမှ တစ်ဆင့် ကူးစက်တတ်သည့် Leptospirosis ကဲ့သို့သော ရောဂါများဖြစ်စေနိုင်သည်။ ကမ်းရိုးတန်းနှင့် ရေကြီးရေလျှံမှုဖြစ်သည့် ဒေသများတွင် သောက်သုံးရေထဲသို့ ဆားငန်ရည် ဝင်ရောက်မှုကြောင့် သွေးတိုးရောဂါနှင့် ကိုယ်ဝန်ဆိပ်တက် ရောဂါများလည်း ဖြစ်နိုင်ခြေရှိပါသည်။ ရွှေ့ပြောင်းနေထိုင်ရသူ လူစုလူဝေးများတွင် ကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဝက်သက်နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ အဖြစ်များပြီး ပြင်းထန်သော အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများသည် အထူး သဖြင့် အသက်ငါးနှစ်အောက် ကလေး များတွင် နာမကျန်းမှုနှင့် သေဆုံးမှု၏ အဓိက အကြောင်းရင်းဖြစ်သည်။ မိုးရွာ သွန်းမှုနှင့် စိုထိုင်းဆများသည့် အခြေအနေကြောင့် ခြင်ပေါက်ပွားမှု များပြားလာပြီး သွေးလွန်တုပ်ကွေး၊ ဂျပန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကူးစက်နိုင်ခြေမြင့်မား လာသည်။ ရေကြီးရေလျှံမှုကြောင့် အချိန်ကြာမြင့်စွာရေစိုပြီး ပိတ်မိနေတတ်သဖြင့် ခန္ဓာကိုယ်အပူချိန်ကျဆင်းပြီး အရေပြား အေးစက်ခြင်း၊ သွေးပေါင်ကျခြင်း၊ တုန်ယင် ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်းတို့ဖြစ်လျှင် နီးစပ်ရာကျန်းမာရေး ဌာနများနှင့်ဆေးရုံသို့ အမြန်ဆုံး သွားရောက်ကုသရန် လိုအပ်ပါသည်။ အစိုဓာတ်လွန်ကဲခြင်းကြောင့် ကိုယ်ခံအားနည်းပြီး ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေပိုများသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ရောဂါအခံရှိသူများတွင် မည်သည့်ရောဂါပိုးမွှားများမဆို ဝင်ရောက် နိုင်သည်။
ညစ်ညမ်းသောရေနှင့် ထိတွေ့ခြင်း ကြောင့် အရေပြားယားယံခြင်း၊ နီမြန်း ခြင်း၊ ပွေး၊ ဝဲ၊ ယားနာနှင့် အရေပြားဒဏ်ရာ ပိုးဝင်ခြင်း၊ အရေပြားမှိုပိုးကူးစက် ခြင်းတို့ကို ခံစားရနိုင်သဖြင့် အချိန်မီကုသမှု ခံယူရန် လိုအပ်ပါသည်။ ဒဏ်ရာများ ပိုးဝင်ခြင်းကြောင့် ဖျားနာခြင်း၊ မေးခိုင် ပိုးဝင်ခြင်းကြောင့် သေဆုံးခြင်းတို့ ဖြစ်နိုင် ပါသည်။
ရေကြီးပြီးနောက် ရေညှိများပေါက်ပွား နိုင်ခြေပိုများလာသည်။ ရေညှိအများစုသည် အန္တရာယ်မရှိသော်လည်း တချို့မှာ လူနှင့်တိရစ္ဆာန်များအတွက် အန္တရာယ်ရှိသည်။ တချို့သောရေညှိများသည် အဆိပ်အတောက်များကို ထုတ်လွှတ်နိုင်ပြီး ပြင်းထန်သော ရောဂါများကို ဖြစ်စေနိုင်သည်။ ရေညှိများပါဝင်သောရေကို သောက် သုံးခြင်း သို့မဟုတ် အဆိပ်များပါရှိသော ငါး သို့မဟုတ် ခရုများကို စားသုံးခြင်းသည် အစာအိမ်ရောဂါကို ဖြစ်စေနိုင်ပြီး အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အဖျားတက် ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင် သည်။ ဤအဆိပ်များသည် အသည်း သို့မဟုတ် အာရုံကြောစနစ်ကို ထိခိုက် စေနိုင်ပြီး ပိုမိုပြင်းထန်သော ကျန်းမာရေးပြဿနာများကို တွေ့ကြုံရနိုင်သည်။ အန္တရာယ်ရှိသော ရေညှိများသည် အရေပြား၊ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့ ကို တိုက်ရိုက်ထိတွေ့ပါက ယားယံစေ နိုင်ပါသည်။
ရေကြီးရေလျှံမှုများသည် နာတာရှည် ကျန်းမာရေး အခြေအနေများအပေါ် သိသာ ထင်ရှားသော အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ ဆေးဝါးမရရှိနိုင်ခြင်း၊ ကျန်းမာ ရေးဝန်ဆောင်မှုများနှင့် လက်လှမ်းမီမှု အခက်အခဲများရှိခြင်း၊ သန့်ရှင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး အလုပ်တာဝန်များကြောင့် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ပိုမိုဆိုးရွားလာခြင်း၊ သွေးချိုဆီးချိုရောဂါ ဝေဒနာရှင်များ အထူးသဖြင့် အင်ဆူလင် အသုံးပြုနေရသူများတွင် သွေးတွင်း သကြားဓာတ် ထိန်းချုပ်မှု လျော့နည်းခြင်း၊ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါရှိသော လူနာများတွင် ပြင်းထန်သော အခြေအနေများ ပိုမိုများပြားလာခြင်းတို့ဖြစ်နိုင်ပါသည်။
ရေကြီးမှုဘေးတွင် ဆွေမျိုးများဆုံးရှုံး ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ကိုယ်ပိုင်ပစ္စည်းများ ပျက်စီးခြင်း၊ လူမှု ရေးထောက်ပံ့မှု နည်းပါးခြင်းတို့ကြောင့် Posttraumatic stress disorder ခေါ် စိုးရိမ်စိတ်များခြင်းနှင့် စိတ်ဓာတ်ကျခြင်း သည် ရေဘေးဒုက္ခသည်များအတွက် နှစ်ရှည်လများ ဖြစ်နိုင်ခြေရှိသော စိတ် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များဖြစ်သည်။
ရေလွှမ်းမိုးသောအချိန်တွင် လျှံနေသောမိလ္လာကန် သို့မဟုတ် မိလ္လာစနစ်များ၊ စိုက်ပျိုးရေး သို့မဟုတ် စက်မှုစွန့်ပစ်ပစ္စည်း များနှင့် ဓာတုပစ္စည်းများကြောင့် သောက် ရေ၊ သုံးရေများ ညစ်ညမ်းတတ်သည်။ ရေကြီးရေလျှံမှုများတွင် လူ့ကျန်းမာရေး ကိုထိခိုက်စေနိုင်သည့်အရာများ (ဥပမာ - လူနှင့်တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ အိမ် သုံးအမှိုက်၊ စက်မှုနှင့် ဆေးဘက်ဆိုင်ရာ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများ၊ သစ်ခွဲသား၊ ယာဉ်များနှင့် ဆောက်လုပ်ရေး ပစ္စည်းများ၊ ကြွက်နှင့် မြွေကဲ့သို့သော တိရစ္ဆာန်များ) ပါဝင်နိုင်သည်။
ကျန်းမာရေးအန္တရာယ်များကို ကာကွယ်ရန် အကြံပြုချက်များ
၁။ ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ညစ် ညမ်းသောရေ၊ မြေဆီလွှာနှင့် ရွှံ့၊ အညစ် အကြေးများ၊ အိမ်မွေးတိရစ္ဆာန်များ၊ ရေနှင့်ထိတွေ့မိသော ပစ္စည်းများကို ကိုင်တွယ်ပါက လက်အိတ်ဝတ်ဆင်ပါ။ ရော်ဘာဘွတ်ဖိနပ်များ၊ ရော်ဘာလက်အိတ်များနှင့် မျက်မှန်များကဲ့သို့သော အကာအကွယ် အဝတ်အစားများ ဝတ်ဆင်ပါ။ သန့်ရှင်း ရေးပြုလုပ်ပြီးနောက် လက်ကိုဆပ်ပြာဖြင့် သေချာဆေးရပါမည်။
၂။ ဒဏ်ရာများနှင့် ခြစ်ရာများကို ရေစိုခံပတ်တီးများဖြင့် ဖုံးအုပ်ထားပါ။ မည်သည့်ဒဏ်ရာကိုမဆို ဂရုစိုက်ပြီး လိုအပ်ပါက ဆေးကုသမှုခံယူပါ။ လမ်း ဘေးတွင် ထိခိုက်ဒဏ်ရာရလျှင် မေးခိုင် ကာကွယ်ဆေးထိုးထားရန် လိုအပ်ပါသည်။
၃။ ရေကြီးရေလျှံမှု ရေ၊ ရွှံ့ သို့မဟုတ် မြေဆီလွှာနှင့် ထိတွေ့ပြီးနောက် အရေပြားကို ဆပ်ပြာဖြင့် သန့်ရှင်းသောရေဖြင့် အမြန်ဆုံးဆေးကြောပါ။ ဆပ်ပြာ သို့မဟုတ် ရေမရှိပါက အရက်ပြန် သို့မဟုတ် လက်သန့်စင် ဆေးရည်ကို အသုံးပြုပါ။ ညစ်ညမ်းနေသော အဝတ်များကို ပြန်မသုံးမီ ရေနွေးနှင့်ဆပ်ပြာဖြင့် လျှော်ဖွပ် ဆေးကြောပါ။
၄။ တစ်ကိုယ်ရေသန့်ရှင်းမှု သတိပြု ရန်ဖြစ်ပါသည်။ မချက်ပြုတ်မီ၊ အစာမစားမီနှင့် စားပြီးလျှင် လက်ကိုပုံမှန်ဆေးကြောပါ။အိမ်သာတက်ပြီးတိုင်းနှင့် တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ရေနှင့်ဆပ်ပြာသုံးပြီး သေချာစွာဆေးကြော ရပါမည် သို့မဟုတ် လက်သန့်စင်ဆေးရည် အသုံးပြု၍ သန့်ရှင်းပါ။ လက်မဆေး ဘဲ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာကို ကိုင်တွယ်ခြင်းမှရှောင်ကြဉ်ပါ။သန့်ရှင်း ခြောက်သွေ့သော အဝတ်အစားများကို ဝတ်ဆင်၍ နွေးနွေးထွေးထွေးနေပါ။ ခြင် မကိုက်စေရန် လုံခြုံစွာဝတ်ဆင်ပါ။ အိမ် အပြင်ထွက်လျှင် နှာခေါင်းစည်းဝတ်ဆင် ပါ။ အိတ်ထဲတွင် လက်သန့်စင်ဆေးရည် အမြဲဆောင်ထားပါ။
၅။ သောက်ရေ၊ သုံးရေတွင် အနံ့၊ အရသာ ထူးထူးခြားခြား ဖြစ်နေပါက မသုံးပါနှင့်။ သောက်သုံးရန်၊ အစားအစာချက် ပြုတ်ပြင်ဆင်ရန် သို့မဟုတ် ရေချိုးရန် အတွက် ညစ်ညမ်းနိုင်ခြေရှိသော ရေကို အသုံးမပြုပါနှင့်။ သောက်သုံးရန် ပိုးသတ် ထားသော သို့မဟုတ် ကျိုချက်ထားသော ရေကို အသုံးပြုရန် လိုအပ်သည်။ ကျန်းမာ ရေးကောင်းမွန်စေရန်အတွက် ရေဓာတ် ပြည့်ဝနေစေရန် ရေများများသောက်ရန် လိုအပ်ပါသည်။
၆။ ရေလွှမ်းမိုးမှုဒဏ်ခံရသော ထုတ်ကုန်များနှင့် အစားအသောက်များကို စားသုံးခြင်းကြောင့် ဖျားနာခြင်းအန္တရာယ် ဖြစ်စေနိုင်ပါသည်။ ရေကြီးရေလျှံမှုများနှင့် ထိတွေ့မိသော အသီးအနှံနှင့် ဟင်းသီး ဟင်းရွက်များကို သံသယရှိလျှင် စွန့်ပစ် ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဟင်းနုနယ်ရွက်၊ ဂေါ်ဖီထုပ်၊ ဆလတ်နှင့် ကိုက်လန်တို့ကဲ့သို့ အရွက်ပါသော ဟင်းသီးဟင်းရွက်များနှင့် ပျက်စီးနေပြီ ဖြစ်သောအသီးအနှံများသည် စားသုံးရန် မသင့်ပါ။ နူးညံ့သော အသီးအနှံများကို သေချာစွာ ဆေးကြော၍ မရသောကြောင့် ချက်ပြုတ်နိုင်မှသာ ဘေးကင်းပါသည်။ ပဲစေ့နှင့် ပြောင်းဖူးကဲ့သို့သော အကာအကွယ်အခွံများ ပါရှိသော ဟင်းသီး ဟင်းရွက်များကိုမစားမီ အခွံနွှာပြီးသေချာ ဆေးကြော၍ ချက်ပြုတ်သင့်ပါသည်။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ဆားနှင့် ရှလကာရည်တွင် မိနစ် ၃၀ ခန့် စိမ်၍ သေချာဆေးပါ။
၇။ ရေကြီးရေလျှံမှုဒဏ်ခံရသော ငါးများကိုစားသုံးခြင်းသည် အန္တရာယ်မကင်း သည့်အတွက် စားသုံးရန်မသင့်ပါ။ ရေလွှမ်းမိုးမှု ပြီးဆုံးသွားသောအချိန်တွင် ဖမ်းသောငါးများကို ချက်ပြုတ်ရန် ပြင်ဆင်ရာတွင် ငါးကိုသေချာစွာ ဆေးကြောသန့်စင်၍ အရေခွံများဖယ်ပြီး အူများကိုထုတ်ပါ။ ထို့နောက် အပိုင်းပိုင်း သို့မဟုတ် အသားလွှာများဖြတ်၍ ချက်ပြုတ်သင့်ပါသည်။ ယင်နားစာများကို ရှောင်ကြဉ်ပါ။ထမင်းနှင့်ဟင်းများကို သေချာစွာချက်ပြုတ်ပြီး ပူပူနွေးနွေးစားပါ။ အစားအစာများကို မချက်ပြုတ်မီ၊ ချက်ပြုတ်နေစဉ်နှင့် ချက်ပြုတ်ပြီးလျှင် သေချာစွာဖုံးအုပ်ထားပါ။
၈။ ခြင်ကိုက်ခြင်းမှကာကွယ်ရန် ခြင်ထောင်ဖြင့်အိပ်ခြင်း၊ ခြင်နိုင်ဆေးရည် များဖျန်းခြင်း၊ ခြင်ဆေးထွန်းခြင်း၊ ထိတွေ့နိုင်သော အရေပြားပေါ်တွင် ခြင်မကိုက်စေသော ဆေးများလိမ်းခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။ နေအိမ်အနီးတွင် ရေများစုပုံခြင်းမှကာကွယ်ရန် ခြင်များပေါက်ပွားနိုင်သည့်ရေအိုင်များ၊ ရေဝပ်သောနေရာများ မရှိစေရန် ရှင်းထားပြီး ရေဆိုးများကိုဖယ်ရှားရန်နှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ပါ သည်။
၉။ ရေကြီးရေလျှံမှုဖြစ်စဉ်တွင် နာမကျန်း ဖြစ်လျှင် ကျန်းမာရေးဝန်ထမ်းများနှင့် စောစီးစွာပြ၍ ဆေးကုသရန် လိုအပ်ပါသည်။ ဝမ်းလျှောခြင်း၊ ကိုယ်ပူခြင်း၊ ချမ်း တုန်ခြင်း၊ ဝမ်းတွင်သွေးစပါခြင်း၊ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်ဝမ်းအရည် များ မကြာခဏသွားပြီး အော့အန်ခြင်း၊ကြွက်တက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းနှင့်အသားဝါခြင်း၊ ဆီးနည်း ခြင်း စသည့်နောက်ဆက်တွဲ ပြဿနာများကို ခံစားရနိုင်သဖြင့် အချိန်မီကုသမှုခံယူ သင့်ပါသည်။ သွေးချို၊ ဆီးချိုရောဂါရှိသူများတွင် ဖျားခြင်း၊ သွေးတွင်းဂလူးကို့စ် ပမာဏ ၃၀၀ မီလီဂရမ်ထက်များခြင်း၊ အန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ရှိ လျှင် ဆရာဝန်နှင့်ပြရန် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများသို့ အမြန်ဆုံး သွားရောက်ရန် လိုအပ်ပါသည်။
ရေကြီးရေလျှံပြီးနောက် ရောဂါကူးစက်မှု အန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်များကို လျှော့ချနိုင်စေရန် နှင့် ရေဘေးသင့်ပြည်သူများတွင် ကူးစက် ရောဂါများမဖြစ်ပွားစေရန် အတွက် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ် ပါသည်။ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ပြည်သူများအနေ ဖြင့် ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များကိုလိုက်နာရန် အရေးကြီးပါသည်။ ကလိုရင်းပါသော သောက်သုံးရေနှင့် ဘေးကင်းသော အစားအစာများ ပံ့ပိုးပေး ရေး၊ ကူးစက်ရောဂါများအတွက် စောစီးစွာ ရောဂါရှာဖွေရေးနှင့် ဆေးဝါးများပံ့ပိုးပေးရန် အရေးကြီးပါသည်။ ကူးစက်တတ် သောရောဂါများ ထိန်းချုပ်ရေးအစီအစဉ် များတွင် ပြည်သူလူထုမှ ရေဘေးဒုက္ခသည် များကိုကူညီရန်၊ ကူးစက်ရောဂါပျံ့နှံ့မှုကို စောင့်ကြည့်ခြင်းနှင့် ထောက်လှမ်းခြင်း ကို ဝိုင်းဝန်းကူညီရန်၊ ကျန်းမာရေးဝန်ထမ်း များမှဆေးကုသခြင်း၊ ကာကွယ်ဆေး ထိုးနှံခြင်း၊ လူထုကျန်းမာရေးပညာပေး ခြင်းတို့ကို ထိရောက်စွာ အကောင်အထည် ဖော်ခြင်းဖြင့် ကျန်းမာရေး အန္တရာယ်များ ကို လျှော့ချနိုင်ပါမည်။