ရေနွေးကြမ်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ကမ္ဘာတစ်ဝန်းတွင် ရေမှလွဲ၍လူကြိုက်အများဆုံး သောက်စရာမှာ လက်ဖက်ခြောက်အရည် (မြန်မာ့ ဓလေ့ရိုးရာအမည် ရေနွေးကြမ်း) ဖြစ်ပါသည်။ လူတို့ သည် နှစ်ပေါင်း ၅ဝဝဝ နီးပါး ရေနွေးကြမ်းကို သောက် သုံးခဲ့ကြပြီး လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံ နှစ်ပုံက သောက်သုံးလျက်ရှိပါသည်။ ရှေးခေတ် ကတည်းက ရေနွေးကြမ်း၊ အထူးသဖြင့် လက်ဖက်စိမ်း ရည်ကို တရုတ်တိုင်းရင်းဆေးပညာက ကျန်းမာရေးနှင့် ညီညွတ်သောဖျော်ရည်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၌ ရေနွေးကြမ်း သောက်သုံးခြင်းသည် အလောင်းစည်သူမင်း လက်ထက်ကစ၍ ခေတ်အဆက် ဆက်အရေးပါသည့် ဓလေ့ထုံးတမ်းအဖြစ် တည်ရှိခဲ့ကြောင်း တွေ့ရှိရသည်။
ရေနွေးကြမ်းသည် Camellia Sinensis အပင်၏ လတ်ဆတ်သောအရွက်များနှင့်အဖူးများ သို့မဟုတ် လက်ဖက်ခြောက်ပေါ်တွင် ရေနွေးပူပူလောင်းချခြင်းဖြင့် ရရှိသော မွှေးကြိုင်သည့်ဖျော်ရည်တစ်မျိုးဖြစ်ပါ သည်။ ရေနွေးကြမ်းပြုလုပ်သည့် လက်ဖက်ခြောက် အမျိုးအစားများပေါ် မူတည်၍ ရေနွေးကြမ်း၏ အရသာနှင့် ဝိသေသများ အသီးသီးရှိကြပါသည်။ အခြေခံအားဖြင့် အင်္ဂလိပ်အခေါ် Black Tea၊ Green Tea ၊Oolong Tea၊ White Tea ၊Pu'er Tea နှင့် Dark Tea စသည်ဖြင့် လက်ဖက်ခြောက်မျိုးကွဲများစွာ ရှိပါသည်။ လက်ဖက်ခြောက် အရောင်ပိုနက်လေ ရေနွေးကြမ်း၏ အရသာကောင်းလေဖြစ်ကြောင်း သိရပါသည်။ လက်ဖက်ခြောက်အမျိုးအစားများ ကွဲပြားမှုသည် အဓိကအားဖြင့် အရွက်ခူးဆွတ်ပြီး နောက် ၎င်းတို့ကို စီမံဆောင်ရွက်မှု ကွာခြားသောကြောင့် ဖြစ်သည်။
ရေနွေးကြမ်းပြုလုပ်နည်း
ရေကိုပွက်ပွက်ဆူအောင် ကျိုချက်ပြီးနောက် ဆယ်မိနစ်ခန့်စောင့်ပြီး ရေခွက်ထဲသို့ ထည့်ကာ လက်ဖက်ရွက် သို့မဟုတ် လက်ဖက်ခြောက်အိတ်ကို ထည့်ပါ။ အကောင်းဆုံးအရသာနှင့် ရလဒ်အတွက် သုံးမိနစ်ခန့်နှပ်ထားပါ။ ရေနွေးကြမ်းကို နွေးနွေးလေး သောက်သုံးပေးပါ။ အပူလွန်ကဲသောရေသည် လက်ဖက်ခြောက်၏ ဂုဏ်သတ္တိကို လျော့ပါးစေပြီး အရသာခါးစေနိုင်သည်။ လက်ဖက်ခြောက်ကို ရေဆူ နေစဉ်ထည့်ပြုတ်လျှင် လက်ဖက်ခြောက်တွင်ပါသော Catechin ကဲ့သို့ အကျိုးပြုဒြပ်ပေါင်းများ ပျက်စီး သွားနိုင်သည်။
လက်ဖက်ခြောက်၏ အကျိုးကျေးဇူးများ
လက်ဖက်ခြောက်တွင် Polyphenols ပါရှိမှုကြောင့် ကင်ဆာ၊ သွေးချိုဆီးချို၊ အဆစ်ရောင်ရောဂါ၊ နှလုံး သွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် အဝလွန်ခြင်း စသည့်ရောဂါများကို ကာကွယ်လျှော့ချနိုင် သော ကောင်းကျိုးများ ရှိသည်။ လက်ဖက်စိမ်းတွင် ပါဝင်သော epigallocatechin-3-gallate(EGCG) သည် လူတစ်ဦး၏ အသက်အရွယ်အရ မြင့်တက်လာသော မကောင်းသော ကိုလက်စထရောများ (Low Density Lipoprotein) ကို လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည်။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Catechins သည် အစာခြေခြင်းကို အထောက်အကူပြုပြီး အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာရောင်ရမ်းသော ရောဂါ လက္ခဏာများကို သက်သာစေနိုင်သည်။ လက်ဖက်စိမ်းတွင် ပါဝင်သော အမိုင်နိုအက်စစ် L-theanine သည် ဦးနှောက်၏ လုပ်ဆောင်ချက်ကို တိုးတက်ကောင်း မွန်စေပြီး မှတ်ဉာဏ်အား ကောင်းစေသည်။ သက်ကြီး ရွယ်အိုများတွင် အဖြစ်များသော အယ်လ်ဇိုင်းမား ရောဂါကိုလည်း လျှော့ချပေးပါသည်။ L-theanine နှင့် ကဖိန်းဓာတ်တို့ကိုပေါင်းစပ်ခြင်းသည် လူတို့၏ အာရုံစူးစိုက်မှုကို တိုးတက်စေသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေပြီး အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါကိုကာကွယ် ပေးနိုင်သည်။ လက်ဖက်စိမ်း၏ Polyphenol သည် UVB ကြောင့် ဖြစ်သော အရေပြားကင်ဆာကို ကာကွယ်ပေးသည့် အကျိုးကျေးဇူးရှိသည်။ လက်ဖက်ခြောက်မှ ဖလိုရိုက်သည် သွားပိုးစား ခြင်းကိုလျှော့ချနိုင်သဖြင့် ရေနွေးကြမ်းသောက်ခြင်းသည် ခံတွင်း ကျန်းမာရေး ကို အကျိုးသက်ရောက်မှုရှိသည်။ လက်ဖက်ရွက်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင် သောကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ ရောင်ရမ်းမှုကို တိုက်ဖျက်ပေး နိုင်သဖြင့် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
ရေနွေးကြမ်း၏အကျိုးကျေးဇူးများ
ရေနွေးကြမ်းသည် ခန္ဓာကိုယ်အတွက် ရေဓာတ် ဖြည့်ပေးရုံသာမက ခန္ဓာကိုယ်အပူကိုလျော့ကျစေပြီး ဇီဝကမ္မဖြစ်စဉ်များ အလျင်အမြန် အလုပ်လုပ်ရန်အတွက် လှုံ့ဆော်ပေးသည်။ ထို့ကြောင့် ပူပြင်းသော နွေရာသီတွင် ရေနွေးကြမ်းပူပူ သောက်ခြင်းသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန် ကူညီပေးပါသည်။
စီချွမ်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအရ တစ်နေ့လျှင် ရေနွေးကြမ်းသုံးခွက်သောက်ခြင်းသည် အသက်အရွယ်အိုမင်းခြင်းကို နှေးကွေးစေပြီး အသက်ရှည်စေနိုင်ကြောင်း ဖော်ပြထားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရေနွေးကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများကို နာတာရှည်ရောဂါများ အတွက်သုတေသနပြုခဲ့ကြသည်။ တစ်နေ့လျှင် ရေနွေးကြမ်းအနည်းဆုံး လေးခွက်သောက်သူများသည် မသောက်သူများထက် အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါ ဖြစ်ပွားမှုမှ ၁၆ ရာခိုင်နှုန်း လျော့နည်း ကြောင်း ဥရောပ သိပ္ပံပညာရှင်များက သုံးသပ်ထားပါသည်။ ၂၀၁၉ ခုနှစ်တွင်ထုတ်ဝေသည့် ဆေးပညာ ဂျာနယ်တွင် ရေနွေး ကြမ်းကို ပုံမှန်သောက်သုံးသူများသည် မသောက်သူများထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း လျော့နည်းကြောင်း ဖော်ပြထားသည်။ အမေရိကန် နှလုံးရောဂါဆိုင်ရာ အဖွဲ့အစည်းက ရေနွေးကြမ်း သောက်ခြင်းသည် နှလုံးကျန်းမာရေးနှင့်အတူ ဦးနှောက် လုပ်ဆောင်ချက် အချို့ကို တိုးတက်စေသည်ဟု ဖော်ပြထားပါသည်။
ရေနွေးကြမ်း အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်နိုင်သောဆိုးကျိုးများ
ရေနွေးကြမ်းသည် အချိုလွန်ကဲသော အဖျော် ယမကာများထက် ကျန်းမာရေးကို ပိုမိုအကျိုးပြု သော်လည်း အလွန်အကျွံသောက်သုံးပါက ဆိုးကျိုးများ တွေ့ကြုံရနိုင်သည်။ ဥပမာအားဖြင့် လက်ဖက် ခြောက်တွင် Tannins ပါရှိသဖြင့် ရေနွေးကြမ်းအလွန် အကျွံသောက်ခြင်းသည် အတွင်း သံဓာတ် စုပ်ယူမှုကို ဟန့်တားနိုင်သောကြောင့် သံဓာတ်ချို့တဲ့မှုကိုဖြစ်ပေါ်စေနိုင်သည်။ လက်ဖက် စိမ်းသည် ကဖိန်းဓာတ် ပါသောကြောင့် လက်ဖက်စိမ်း အစာခြေလမ်းကြောင်း ရေနွေးကြမ်း အလွန်အကျွံ သောက်သုံးခြင်းသည် စိတ်တုန်လှုပ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း၊ အိပ်မပျော်ခြင်းစသည့် လက္ခဏာများကို ဖြစ်စေနိုင်သည်။ လက်ဖက် စိမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများသည် သကြား သို့မဟုတ် ပျားရည်ပမာဏများ ပေါင်းထည့်၍ သောက်သုံးခြင်းဖြင့် ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် ထည့်မည့် အချိုပမာဏကို သတိထားရပါမည်။ အရသာ ထည့်ရန် သကြားအစား သံပရာသီးတစ်ခြမ်းကို ရွေးချယ်လျှင် ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပါသည်။
အကြံပြုချက်များ
၁။ ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် အစာစားပြီးပြီးချင်း ရေနွေးကြမ်းသောက်နိုင်ပါသည်။ ကိုယ်အလေးချိန်လျှော့ချခြင်း၏ အကျိုးကျေးဇူးကို ရရှိစေရန်အတွက် တစ်နေ့လျှင် ၃ - ၅ ခွက်သောက် ရန် အကြံပြုထားသည်။
၂။ ဦးနှောက်ကျန်းမာရေးအတွက် ရေနွေးကြမ်းသောက်ရန် အကောင်းဆုံးအချိန်သည် နံနက်စာစားပြီး မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းဖြစ်ပါသည်။ အစာစားပြီး တစ်နာရီမှ နှစ်နာရီအတွင်း ရေနွေးကြမ်း သောက်လျှင် အစာကြေညက်မှုကို အထောက်အကူ ဖြစ်စေပါသည်။
၃။ ကျန်းမာသောလူနေမှုပုံစံဖြင့် နေထိုင်နေသူ အများစုအတွက် ရေနွေးကြမ်းကို နေ့စဉ် တစ်ခွက်မှ နှစ်ခွက်အထိ သောက်သုံးခြင်းသည် ကျန်းမာရေး အကျိုးကျေးဇူးအားလုံးကို ရရှိနိုင်ပြီး ဘေးကင်းပါ သည်။
၄။ အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးနှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်သဖြင့် နေ့စဉ် ရေနွေးကြမ်း သောက်ပေးနိုင်ပါသည်။
၅။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါရှိသူများ၊ အစာအိမ်ရောဂါရှိသူများ၊ သွေးကျဲဆေးသောက်နေ သူများ၊ ရင်တုန်တတ်သူများနှင့် ကဖိန်းဓာတ်ကို ရှောင်ကြဉ်သူများအနေဖြင့် ရေနွေးကြမ်း သောက်ခြင်း ကို ရှောင်ကြဉ်သင့်ပါသည်။
၆။ ကဖိန်းဓာတ်သည် ကျန်းမာစွာအိပ်စက်ခြင်းကို ထိခိုက်စေနိုင်သဖြင့် အိပ်ရာဝင်ခါနီး ရေနွေးကြမ်း သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
၇။ ၊ လက်ဖက်ခြောက်စိမ်ထားသော ရေနွေးကြမ်း ကို သွေးကျဲဆေး ၊ စိတ်ကျသက်သာဆေး၊ သွေးကျ ဆေးများအပါအဝင် ဆေးများနှင့် တွဲသောက်ခြင်းသည် ဆေးအာနိသင်ကို ထိခိုက်စေနိုင်သဖြင့် ရှောင်ကြဉ် သင့်ပါသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် တစ်နေ့လျှင် ရေနွေး ကြမ်း သုံးခွက်ထက်ပိုသောက်ပါက အန္တရာယ်ရှိပါသည်။ လက်ဖက်စိမ်းသည် ဖောလစ်အက်စစ်ချို့တဲ့ ခြင်းနှင့်ဆက်စပ်သော ကလေးမွေးရာပါချို့ယွင်းမှုဖြစ်ခြင်း နှင့် ကိုယ်ဝန်ပျက်ကျနိုင်သော အန္တရာယ်ရှိပါသည်။
ရေနွေးကြမ်းသည် ကျန်းမာရေးအကျိုးကျေးဇူး များစွာကိုပေးစွမ်းနိုင်သောကြောင့် မျက်မှောက်ခေတ် တွင် လူတို့၏ အာရုံစူးစိုက်မှုတိုးမြင့်လာသော စိတ်အပန်းပြေစေသည့် ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။ ကော်ဖီထက် ကဖိန်းနှင့် ကယ်လိုရီနည်းပြီး အရသာရှိသော အချိုမပါသည့် ဖျော်ရည်ကို ရှာဖွေနေပါက ရေနွေးကြမ်းသည် ခန္ဓာကိုယ်အတွက် အကျိုးရှိသော ရွေးချယ်မှုတစ်ခုဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် တန်ဆေး လွန်ဘေးဆိုသည့်အတိုင်း ရေနွေးကြမ်းကို ချင့်ချိန်၍သောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
ဒေါက်တာသိင်္ဂီကျော်