ဖားကန့်မြို့နယ်ငှက်ပျောတောရပ်ကွက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကပစ်ခတ်သော လက်နက်ကြီးကျည်များကျရောက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော် စက်တင်ဘာ ၁၇
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ငှက်ပျောတောရပ်ကွက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပစ်ခတ်သော လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံး ပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ရပ်ကွက်၊ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူများ အေးချမ်းစွာနေထိုင်သော ရပ်ကွက်၊ ကျေးရွာများအား ရည်ရွယ်ချက်ရှိရှိ Drop ဗုံးများ ကြဲချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းများ ပြုလုပ်နေကြသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေမှုအား ဖုံးကွယ်ရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။