မြန်မာနိုင်ငံ ရေဘေးဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် AHA Centre တို့မှပေးပို့သည့် လူသားချင်းစာနာမှု အကူအညီပစ္စည်းများ မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်

 

မြန်မာနိုင်ငံ ရေဘေးဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် AHA Centre တို့မှပေးပို့သည့်  လူသားချင်းစာနာမှု အကူအညီပစ္စည်းများ မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်

 

နေပြည်တော်  စက်တင်ဘာ  ၁၇

    တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂိတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှ ပေးပို့သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပစ္စည်းများသည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက    မြန်မာ နိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်   မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Abhay  Thakur  က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အိန္ဒိယလေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ် IL-76  ဖြင့် ပေးပို့လာသည့် လူသား ချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများတွင် ခြင်ထောင်အလုံး ၁၀၀၀၊ အသင့်စား အစားအစာထုပ်(MRE) အထုပ် ၃၀၀၀၊  မီးဖိုချောင်သုံးပစ္စည်းအစုံ ၅၀၀၊ ဆိုလာမီးအိမ် ၁၀၀၀ ခန့်၊  မီးစက် နှစ်လုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ (Hygiene Kits) အစုံ ၄၀၀၀၊  ယာယီတဲ  ၁၅  လုံး၊ ရေသန့်စင်ရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် ကလိုရင်းဆေးပြား၊ ပိုးသတ်ဆေး၊ Bleaching Powderနှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် ၃၀ ကျော်ပါရှိသည်။

အလားတူ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများ သယ်ဆောင်လာသော အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်သည်     ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံ ရောက်ရှိမည်ဖြစ်သည်။

ထို့ပြင် အာဆီယံသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ   လူသားချင်းစာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre)မှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃၇၁၄၈.၉၅ ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုသုံး မိုးကာတဲများ၊ တာပေါ်လင်၊ Shelter Repair Kit၊ ရေသန့်စက်များနှင့် အခြားအရေးပေါ်သုံး ပစ္စည်းများပါဝင်သော စုစုပေါင်းအလေးချိန် ကီလို   ၅၉၃၆၀ ဂရမ်ရှိပစ္စည်းများကို    မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) တို့ဖြင့်သယ်ဆောင်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့သို့  ဆိုက်ရောက်ခဲ့သည်။        

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်သင့်သူများအတွက် အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”  ဖြင့်  ဆောင်ရွက်လျက်ရှိပြီး ရောက်ရှိလာသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံး ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။