ရေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

 

ရေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

 

ရန်ကုန် စက်တင်ဘာ ၁၇

    The ASEAN Coordinating Centre for Humanitarian Assistance on Disaster Management  (AHA Centre) မှ ရေဘေးသင့်ဒေသများ အတွက် လှူဒါန်းသည့် ကယ်ဆယ်ရေး ပစ္စည်းများသည် ထိုင်းနိုင်ငံ Disaster Emergency Logistics System for ASEAN (DELSA) Warehouse မှတစ်ဆင့် မြန်မာအမျိုးသား လေကြောင်းလိုင်း MNA UB-2020 လေယာဉ်ဖြင့် ယနေ့ နံနက် ၁ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ထိုသို့ရောက်ရှိလာသည့် ကယ်ဆယ်ရေး ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိ သူများကစစ်ဆေး လက်ခံခဲ့ပြီး အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများတွင် မိသားစုသုံးပစ္စည်း၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ Shelter ပြုပြင်‌ရေးသုံးပစ္စည်းများ၊ မိသားစုတဲ၊ ရေပုံး၊ တာပေါ်လင်၊ ခြင်ထောင်နှင့် ရေသန့်စက်စသည့်အမျိုးအစား ၁၁ မျိုး ပါဝင်သော ကယ်ဆယ်ရေးပစ္စည်း ၅၅၆၀ ကီလိုဂရမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ AHA Centre မှ မြန်မာနိုင်ငံသို့ ပို့ဆောင် လှူဒါန်းသော   ကယ်ဆယ်ရေး ပစ္စည်းများကို ရေဘေးဒဏ်သင့် ဒေသများသို့ ဆက်လက်ဖြန့်ခွဲ ပို့ဆောင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Wednesday, September 18, 2024 - 04:46