စံချိန်စံညွှန်း လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကျင်းပ

 

စံချိန်စံညွှန်း လုပ်ငန်းကော်မတီ (/၂၀၂၄) အစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ  ၁၇

    အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားအဆင့် အရည်အသွေးအခြေခံ အဆောက်အဦ ခိုင်မာအားကောင်းစေခြင်းဖြင့် ကုန်သွယ်မှု လုပ်ငန်းများချောမွေ့စေရေးနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ပေးသော   စံချိန်စံညွှန်းများ ထွက်ပေါ်လာရေး၊ နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေးထောက်ခံချက်ထုတ်ပေးနိုင်ရေး၊ စံချိန်စံညွှန်းများကို    လွယ်ကူစွာဝယ်ယူ သုံးစွဲနိုင်ရေးနှင့် လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးတို့    ဆွေးနွေးညှိနှိုင်းရန်အတွက် စံချိန်စံညွှန်းလုပ်ငန်း ကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid  စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်း ကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊    အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ UMFCCI ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားစံချိန်စံညွှန်း ကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အမှာစကား ပြောကြားသည်။

ထို့နောက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များက ဆပ်ကော်မတီအလိုက် အဆိုပြုတင်ပြထားသည့် စံချိန်စံညွှန်းများ၊ ရေးဆွဲလျက်ရှိသော  မြန်မာစံချိန်စံညွှန်းမူကြမ်းများနှင့် အများပြည်သူ သဘောထားမှတ်ချက်များ   ရယူဆောင်ရွက်ခဲ့ပြီးဖြစ်သော မြန်မာစံချိန်စံညွှန်း မူကြမ်းအကျဉ်းချုပ်များ၊ မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ထုတ်ပြန် ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် အသင်းများမှ    ကိုယ်စားလှယ်များက ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါလုပ်ငန်းကော်မတီ အစည်းအဝေးမှ ဆွေးနွေးအတည်ပြုခဲ့သော စံချိန်စံညွှန်းမူကြမ်း(၇၀)ကို မြန်မာစံချိန်စံညွှန်းများအဖြစ် ချမှတ်အတည်ပြုနိုင်ရေး အတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်း အဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။