ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့်ဌာနဖြစ်၍ ပညာရေး ဝန်ထမ်း မိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်

ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့်ဌာနဖြစ်၍ ပညာရေး ဝန်ထမ်း မိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်

နေပြည်တော်  မေ  ၂၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်   ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊   ဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့် ဌာနဖြစ်၍ ပညာရေးဝန်ကြီး ဌာနအောက်ရှိ  ဦးစီးဌာနများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ များ၊ ပညာရေးဝန်ထမ်း မိသားစုများ အားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ် ကလေး တိုင်း ကျောင်းထဲရောက်ရှိစေရေး ၀ိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အနည်း ဆုံး အလယ်တန်းကျောင်းများအားလုံး ကျောင်းစာကြည့်တိုက်ထားရှိရန်နှင့်ကျောင်း စာကြည့်တိုက်တွင် စာဖတ်ချိန်ကို  အချိန် ဇယားတွင် ထည့်သွင်းရေးဆွဲကျင့်သုံးကြရ မည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် စာသင်ကျောင်းများနှင့် စာသင်ခန်းများအထိ အရောက် သွား၍ ကျောင်းသား၊ ကျောင်းသူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဘာသာရပ် သင်ကြားရုံမျှသာမဟုတ်ဘဲ  ကျောင်းသား လူငယ်များ ကို ယဉ်ကျေးလိမ္မာအောင်၊ အကျင့်စာရိတ္တ ကောင်းမွန်အောင်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိအောင်၊ မိမိ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်တတ်အောင် သွန်သင်ဆုံးမ ပြုစုပျိုး ထောင်ပေး ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကကျောင်းများကို ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ ထောက်ခံချက်အရ ထပ်မံစိစစ်၍ ကျောင်းမှတ်ပုံတင် လက်မှတ်ထုတ်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကဆရာ အတတ်ပညာ သင်တန်းတက်ရောက်ပြီးသူများအား ဘွဲ့လက်မှတ်မှန်ကန်မှု၊ ပြစ်မှု ကင်းရှင်းမှု ထပ်မံစိစစ်၍ ပုဂ္ဂလိကကျောင်း ဆရာမှတ်ပုံတင် လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ သင်ရိုး ညွှန်းတမ်းနှင့် သင်ကြားသင်ယူမှု နည်းစနစ်များကို မွမ်းမံမြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံပညာရေး အဆင့်အတန်း မြှင့်တင်ရေးတွင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု မှတ်တမ်းများ ပေးပို့ရန်အတွက် မှာကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ် ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာ အတတ်ပညာကဏ္ဍရှိ   တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိသည်။

(သတင်းစဉ်)