
ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှု စိုက်ပျိုးထုတ်လုပ်မှုနှင့် မြန်မာ့ဝါဂွမ်းသမိုင်းအကျဉ်းချုပ်
၀ါဂွမ်းသုံးစွဲမှု
ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှုသည် တိုးတက်များပြားလာသည်။ တိုးတက်မှုနှုန်းသာလျှင် ပုံမှန်မဟုတ်ချေ။ ၀ါဂွမ်း သုံးစွဲမှု ပမာဏသည် ဒေသအလိုက် ခြားနားသည်။ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့သည် ကမ္ဘာ့ဝါဂွမ်း သုံးစွဲမှုပမာဏ၏ ၆၆ ရာခိုင်နှုန်းခန့်ကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် သုံးစွဲခဲ့သည်။ ဒေသအလိုက် ၀ါဂွမ်းသုံးစွဲမှုပမာဏ အတိုးအလျော့သည် ချည်မျှင်တု စျေးနှုန်းဖြင့် ပြိုင်ဆိုင်ရခြင်း၊ ကမ္ဘာ့စီးပွားရေး၊ အထည်ရက်လုပ်မှုနှင့် ရောင်းချမှုဆိုင်ရာ မူဝါဒ စသည်တို့ အပေါ်တွင် တည်နေသည်။
၀ါဂွမ်းကို ၁၇၈၃ ခုနှစ်တွင် အထည်ရက်လုပ်ရာတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းသာသုံးစွဲခဲ့ပြီး သိုးမွေး ၇၇ ရာခိုင်နှုန်းနှင့် လျှော် ၁၈ ဒသမ ၅ ရာခိုင်နှုန်းသုံးစွဲခဲ့ သည်။ ၁၈၈၃ ခုနှစ်တွင် ၀ါဂွမ်းကို ၇၃ ရာခိုင်နှုန်း သုံးစွဲပြီး သိုးမွေး ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် လျှော် ၆ ဒသမ ၅ ရာခိုင်နှုန်းသုံးစွဲခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ရောက်သောအခါ ၀ါဂွမ်းကို ၈၄ ရာခိုင်နှုန်း၊ သိုးမွေး ၁၂ ရာခိုင်နှုန်းနှင့် လျှော် ၄ ရာခိုင်နှုန်း သုံးစွဲခဲ့သည်။
၀ါဂွမ်းသည် အဝတ်အထည်လုပ်ငန်းတွင် အဓိက ကုန်ကြမ်းဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်မှစ၍ ပေါ်ပေါက် လာသော ချည်မျှင်တု၊ ရေယွန်၊ နိုင်လွန်တို့နှင့် ၀ါဂွမ်းချည်သည် ယှဉ်ပြိုင်လာခဲ့ရာ ၁၉၇၀ ပြည့်နှစ်မှစ၍ ချည်မျှင်တုများ၏ စျေးနှုန်းချိုသာလာသောကြောင့် ၀ါချည်ကိုသုံးစွဲမှုမှာ တဖြည်းဖြည်းလျော့နည်းလာ သည်။ ဤသို့ဖြင့် အဝတ်အထည်ရက်လုပ်ငန်းတွင် ၀ါချည်ကိုသုံးစွဲမှုမှာ ၁၉၈၆ ခုနှစ်တွင် ၄၅ ဒသမ ၅၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၉၁ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်း၊ ၁၉၉၆ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် ၄၁ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၉၉၉ ခုနှစ်တွင် ၄၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၀၀ ပြည့်နှစ်တွင် ၄၀ ဒသမ ၇ ရာခိုင်နှုန်းသို့ တဖြည်းဖြည်းကျဆင်းလာသည်။ ယခုခေတ်တွင် ၀ါဂွမ်းချည်သည် စျေးနှုန်းသက်သာ လာသော ပိုလီယက်စတာချည်မျှင်တုနှင့် ယှဉ်ပြိုင်နေရသည်။ စျေးနှုန်းသာမက အထည်အလိပ် ကူးသန်း ရောင်းဝယ်မှု မူဝါဒ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်မှုလုပ်ငန်းများထူထောင်မှု၊ လူတို့၏ဝတ်ဆင်မှုပုံစံ (အသင့်ချုပ်ပြီး အထည်များ၊ ဖိုးရိုးဖားရားအထည်များ လူကြိုက်များလာမှု)ပြောင်းလဲလာမှု စသည် တို့ကြောင့်ပါ ၀ါချည်သုံးစွဲမှု လျော့နည်းလာရသည်။
သို့ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌မူ လူတို့သည် ၀ါချည်ထည်ကို အထူးနှစ်သက်လာကြသည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်အထိ ၀ါဂွမ်းသုံးစွဲမှုသည် တစ်ရာခိုင်နှုန်း တိုးတက်နေပြီး အထည်အလိပ်လုပ်ငန်းအတွက် ၀ါချည်သည် ၃၇ ရာခိုင်နှုန်းခန့် ပါဝင်နေမည်ဟု ခန့်မှန်းကြသည်။
ကမ္ဘာတွင် ၀ါဂွမ်းစိုက်ပျိုးထုတ်လုပ်သော နိုင်ငံက ထွက်သမျှကို ပြည်တွင်း၌ ကုန်အောင်မသုံးစွဲနိုင် သကဲ့သို့ ၀ါဂွမ်းသုံးစွဲနေရသော နိုင်ငံကလည်း မိမိပြည်တွင်း၌ ၀ါဂွမ်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ၀ါဂွမ်းကူးသန်းရောင်းဝယ်မှုသည် အထူးအရေးကြီးသည်။ ကမ္ဘာ့ဝါဂွမ်းပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့်သည် နယ်ကျော်၍ ကူးသန်းရောင်းဝယ်ကြသည်။ ထိုပမာဏသည် ဂျုံ၊ ပြောင်းဖူး၊ ပဲပုပ်စေ့၊ ဆန်စပါးသီးနှံတို့ထက် များပြားသည်။
ကမ္ဘာ့ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှု
၀ါစိုက်ပျိုးသောဧရိယာသည် အကြောင်း အမျိုးမျိုးကြောင့် အတိုးအလျော့ရှိခဲ့သည်။ သို့ရာတွင် လွန်ခဲ့ သော ၈၈ နှစ်အတွင်း အနည်းဆုံးဧက ၆၃သန်းမှ အများဆုံး ဧက ၈၉ သန်းအတွင်း စိုက်ပျိုးခဲ့သည်။ တစ်ဧက အထွက်နှုန်းသည် ၁၅၅ ပိဿာမှ ၄၄၅ ပိဿာအထိ တိုးတက်လာသည်။ အထွက်နှုန်း တိုးတက်လာမှုနှင့် ဧရိယာ တိုးတက်လာမှုတို့ကြောင့် ကမ္ဘာ့စုစုပေါင်း ဂွမ်းအထွက်နှုန်းသည်လည်း ၅၀၂၅ တန်မှ ၁၈၈၈၇ တန်သို့ တိုး၍လာကြောင်း တွေ့ရသည်။
အထွက်နှုန်းသည် အဓိကအားဖြင့် နည်းပညာနှင့် သွင်းအားစုသုံးစွဲနိုင်မှုကြောင့် ဖြစ်သည်။ ၀ါစိုက်ပျိုးမှု သည် ဒေသအလိုက်အတိုးအလျော့များရှိသည်။ သိသာစွာတိုးချဲ့ စိုက်ပျိုးသောနိုင်ငံများမှာ အာဖရိက အနောက်ခြမ်းမှ ပြင်သစ်စကားပြောသော နိုင်ငံများ ဘီနင်၊ ချက်ဇ်၊ မာလီ၊ တိုဂို၊ ဘာကီနာဖာဆို၊ ကုတ်ဒီအိုင်ဗိုရီ၊ ဥရောပသမဂ္ဂမှ ဂရိနှင့် စပိန်၊ အရှေ့အာရှမှ သြစတြေးလျ၊ တောင်အာရှမှ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန် ၊ အရှေ့အလယ်ပိုင်းမှ အီရန်၊ ဆီးရီးယားတို့ ဖြစ်ကြသည်။
တစ်ဖန် သိသာစွာလျော့နည်း စိုက်ပျိုးလာသော ဒေသများမှာ ဥရောပတိုက် အလယ်ပိုင်းနိုင်ငံများ၊ တရုတ်နိုင်ငံ၊ အာဖရိကတိုက် မြောက်ပိုင်းနိုင်ငံများ၊ ယခင်ဆိုဗီယက် ပြည်ထောင်စုနိုင်ငံများ၊ အမေရိက တိုက် တောင်ပိုင်းနိုင်ငံများ၊ အမေရိကတိုက် မြောက်ပိုင်းနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကလျော့နည်း စိုက်ပျိုးသော နိုင်ငံများမှာ တရုတ်၊ ဘရာဇီး၊ မက္ကဆီကို၊ အီဂျစ်၊ ကိုလံဘီယာ၊ ဆူဒန်၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယားနှင့် အစ္စရေးတို့ ဖြစ်ကြသည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အနှစ် ၂၀ အတွင်း စိုက်ဧရိယာ ၃ ဒသမ ၅၃ ရာခိုင်နှုန်း လျော့နည်းသွားသည်။
၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် စိုက်ပျိုးဧရိယာ အများဆုံးဧက ၂၉ ဒသမ ၈ သန်း စိုက်ပျိုးသော ဒေသမှာ တောင်အာရှဒေသဖြစ်ပြီး တစ်ဧကဝါထွက်အများဆုံး ၁၀၅၉ ပိဿာဖြစ်သော ဒေသမှာ အရှေ့ အာရှ ဖြစ်သည်။ တစ်ဧကဝါထွက်နှုန်း အများဆုံး ၁၂၆၆ ပိဿာ (ဂွမ်း ၁၆၆၅ ကီလို)ဟက်တာဖြစ်သောနိုင်ငံမှာ သြစတြေးလျဖြစ်ပြီး ဒုတိယအများဆုံး ၁၂၃၅ ပိဿာ (ဂွမ်း ၁၆၂၄ ကီလိုဟက်တာ) ဖြစ်သောနိုင်ငံမှာ အစ္စရေးဖြစ်သည်။ စုစုပေါင်း ဂွမ်းထွက်တန်ချိန်အများဆုံး ၃ ဒသမ ၈ သန်း ထွက်ရှိသောနိုင်ငံမှာ တရုတ် ဖြစ်သည်။ အမေရိကန်နိုင်ငံသည် ၃ ဒသမ ၇ သန်း၊ အိန္ဒိယနိုင်ငံသည် ၂ ဒသမ ၇ သန်း၊ ပါကစ္စတန်သည် ၁ ဒသမ ၈ သန်း၊ ဥဇဘက်ကစ္စတန်သည် ၁ ဒသမ ၂ သန်း၊ တူရကီသည် သုည ဒသမ ၈ သန်း၊ သြစတြေးလျ နိုင်ငံသည် သုည ဒသမ ၇ သန်း၊ ဘရာဇီးသည် သုည ဒသမ ၆ သန်း အသီးသီး ၀ါဂွမ်း ထုတ်လုပ်ကြသည်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဥဇဘက်ကစ္စတန် ငါးနိုင်ငံ၏ ထုတ်လုပ်မှုပမာဏသည် ကမ္ဘာ့ဝါဂွမ်းထုတ်လုပ်မှု ပမာဏ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။
မြန်မာ့ဝါဂွမ်းသမိုင်းအကျဉ်းချုပ်
၀ါဝေါဟာရ။ ၀ါ ဟူသော ဝေါဟာရသည် တိဗက်ဘာသာ “ဗလ်” မှ ဆင်းသက်လာသည်ဟု ဆိုသည်။ တိဗက်ဘာသာ “ဗလ်” သည် “သိုးမွေး” ဖြစ်သည်။ မြတောင်ဆရာတော်က ပညတ် နက်ကျမ်း (စာ-၃၁၉)တွင် ၀ါပင်ကို ပါဠိအလိုအရ “ဝဿ” ဟု ဖွင့်ဆိုသည်။ ဝဿမှ “၀ါ” ဖြစ်လာသည်ဟု ဆိုသည်။
မဟာဇေယသင်္ခယာဘွဲ့ခံ လှေသင်းအတွင်းဝန်၏ ဝေါဟာရလီနတ္ထဒီပနီကျမ်း (စာမျက်နှာ-၁၆၂)တွင် ဝဒရ သဒ္ဒါတွင် ဒ၊ ရ နှစ်လုံးကျေ၍ အရင်းအက္ခရာ “ဝ” တစ်လုံးကိုယူ၍ “၀ါ” ဟု ခေါ်ဝေါ်ကြောင်း၊ သဒ္ဒါသည် မြဲခြင်း၊ ခိုင်ခံ့ခြင်း အနက်ပေးကြောင်း ဖော်ပြထားသည်။
မြန်မာ့ဝါအစ
သက္ကရာဇ် ၈၄၄-၈၄၈ ခုနှစ်တွင် ဘာဆရာမှ ပါရှားခရီးသွားသူ (Ibn/ Khordazbeh)၏ မှတ်တမ်း တွင် တရုတ်ဘုရားဖူး ခရီးသည်များ၏ ပြောပြချက်အရ “အောက်မြန်မာနိုင်ငံ ရာမဘုရင်မင်းတွင် ဆင်ကောင် ရေ ငါးသောင်းရှိကြောင်း၊ သူတို့တိုင်းပြည်က ကတ္တီပါကဲ့သို့ နူးညံ့သောဝါချည်ဖြင့် ရက်လုပ်သည့် အထည်အလိပ် ထွက်ရှိကြောင်း၊ ဟင်ဒီဟုခေါ်သော အကျော်ပင် (Aloe wood of sort Hindi) ထွက် ကြောင်း သိရသည်ဟု ဖော်ပြထားသည်။
၉ ရာစုနှစ် မတိုင်မီ (ပျူခေတ်)တွင် ၀ါဂွမ်းကို သုံးစွဲနေကြောင်း၊ ၀ါမျိုးကို အိန္ဒိယမှ တင်သွင်းဟန်ရှိ ကြောင်း၊ တရုတ်ပြည်တောင်ပိုင်း၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သို့ ကူးသန်းရောင်းဝယ်သော တောင်ပိုင်း လမ်းကြောင်းမှ ဝင်လာခြင်းဖြစ်ကြောင်း စသည်ဖြင့် ဂစ်လ်ဟန် (Gillhametal. 1995) က ဆိုသည်။ ထိုသို့ဝင်လာသော ဝါမျိုးမှာ ဂေါ့စီပီယံ အာဘိုးရီးယံမျိုး (၀ါကြီး၊ ၀ါလေးမျိုး) ဖြစ်သည်။ ပျူခေတ်မှ ဟန်လင်းကို တူးဖော်ရာတွင် ဓားမြှောင်အသွားနှင့်ကပ်နေသော အဝတ်စကိုတွေ့ရသည်။ ထိုတွေ့ရှိ ချက်ကို တန်သမိုင်းဟောင်းက ထောက်ခံရာကျသည်။ တန်သမိုင်းဟောင်း (Old Tang History) တွင်လည်း “ပျူခေတ်တွင် ခါးကိုပတ်၍ ဝတ်သောအဝတ်အထည်သည် ၀ါဂွမ်းဖြင့်လုပ်ထားကြောင်း” ဖော်ပြထားသည်။ ဖော်ပြပါ အကြောင်းချက်များကို အက်စ်ဖရေဇာ-လူး (Sylviva Farazer Lu)ဆိုသူက မြန်မာလက်မှုပညာ ပစ္စည်းစာအုပ်တွင် ဖော်ပြထားသည်။
ဂျီ အီး၊ ဟာဗေးရေးသားသော မြန်မာ့သမိုင်းတွင် မြန်မာ့အဝတ်အထည်အကြောင်းကို ဤသို့ဖော်ပြ ထားသည်။ “အခြားမည်သည့်နေရာတွင်မှ မတွေ့ဖူးသော အထည်စ (Cloth)ကို တွေ့ရသည်။ ထိုအထည်စဖြင့်ချုပ်လုပ်သော အဝတ်အထည် (Dress)သည် အလွန်ပါးလွှာပြီး ပေါ့ပါးသဖြင့် ချိတ် တံဆိပ် ရိုက်နှိပ်သောကွင်း (Signet-ring)ထဲသို့ပင် ဖြတ်သွားနိုင်သည်။ ထိုအထည်ကိုဝါဂွမ်းဖြင့် ပြုလုပ် သည်။ ကျွန်ုပ်တို့ ကိုယ်တိုင်နမူနာကို မြင်တွေ့ခဲ့ရသည်”။
ခရစ်သက္ကရာဇ် ၁၀၈၄-၁၁၁၂ ခုနှစ်တွင် စိုးစံခဲ့သော ကျန်စစ်သား မင်းလက်ထက်တွင် ဝါဂွမ်းစိုက်ပျိုးမှုနှင့် ၀ါဂွမ်းသုံးစွဲမှုတို့သည် ပိုမိုထွန်းကားလာခြင်း ဖြစ်မည်ဟု ယူဆနိုင်သည်။ ယဉ်ကျေးမှုထွန်းကား လာချိန် မှစ၍ အိမ်တိုင်း၌လိုပင် ၀ါပင်နှင့်အတူ ၀ါချည်ကို ဆေးဆိုးနိုင်ရန် မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင် များကိုပါ စိုက်ပျိုးကြသည်။ အမျိုးသမီးများသည် ၀ါကြိတ်ခြင်း (၀ါပေါက်မှဝါစေ့နှင့် ဂွမ်းကိုခွဲထုတ်ခြင်း)၊ ၀ါဖန်ခြင်း (ဂွမ်းကိုပွလာအောင် လေးကြိုးကို လက်တောက်ဖြင့်ဆွဲခြင်း)၊ ဗိုင်းတောင့်လိပ်ခြင်း (ချည်ငင် ရာတွင် လက်ဖြင့် ကိုင်၍ကောင်းစေရန် အလိပ်ကလေးများလိပ်ခြင်း)၊ ဗိုင်းငင်ခြင်း (ဗိုင်းတောင့်မှ အမျှင်ကလေးများ ဖြစ်လာအောင် ရစ်ဖြင့်ဆွဲခြင်း)၊ ချည်ချခြင်း (ဗိုင်းငင့်ပြီးရသော ချည်ပင်ကို ချည်ခင်ဖြစ်အောင် ရဟတ်ဖြင့်ရစ်ခြင်း)၊ ဆေးဆိုးခြင်း (အရောင်ရအောင်ဆေးဆိုးခြင်း)၊ ရက်ကန်း ရှည်ခြင်း (ရက်ကန်းစင်၏ အကျယ်အရ လိုအပ်သော ချည်မျှင်အရေအတွက်ရရှိရန်နှင့် အလျားလိုက် ဖြစ်စေ လိုသော အဆင်ဒီဇိုင်းရစေရန်စီစဉ်ခြင်း)၊ ရက်ကန်းရက်ခြင်း (ချည်မျှင်ကို အထည်ဖြစ်အောင် ရက်ခြင်း)စသော ချည်ထည်လုပ်ငန်းအဆင့်ဆင့်ကို လုပ်ကိုင်လေ့ရှိကြသည်။ ထိုလုပ်ငန်းအဆင့်ဆင့်ကို အပျိုပေါက်အရွယ် ၁၃ နှစ်ခန့်မှ အပျိုကြီး သို့မဟုတ် အိမ်ထောင်ပြုချိန် အသက် ၂၀-၂၅ နှစ်ခန့် အရွယ်ရောက်မှ ကျွမ်းကျင်တတ်မြောက်ကြသည်။ ထို့ကြောင့် မိန်းမများ ရက်ကန်းမတတ်လျှင် အကျိုးနှင့်တူသည်။ ယောက်ျားများ စာမတတ်လျှင် အကန်းနှင့်တူသည် ဟု အဆိုရှိခဲ့သည်။
ပျူခေတ် အေဒီ ၉၀၀ မှ ကုန်းဘောင်ခေတ်အကုန် ၁၈၈၆ အထိ ၀ါစိုက်ပျိုးမှုနှင့် ၀ါချည်ထည်သုံးစွဲမှု တို့သည် တဖြည်းဖြည်းကျယ်ပြန့်လာဟန်ရှိသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ကုန်မှာအဓိကအားဖြင့် ၀ါဂွမ်းဖြစ်ခဲ့သည်။ ၀ါဂွမ်းပို့ကုန်မှ အကျိုးအမြတ် များစွာရရှိသော ဒတ်ချ်၊ အင်္ဂလိပ်နှင့် ပြင်သစ်ကုန်သည်များသည် ကုန်သွယ်ရေး ရုံးဖွင့်လှစ်ခွင့်ရရှိရေးအတွက် အပြိုင်အဆိုင်ကြိုးစားခဲ့ကြသည်။
မင်းတုန်းမင်းလက်ထက်တွင် ၀ါဂွမ်းကူးသန်းရောင်းဝယ်မှုအထူးရှင်သန်ခဲ့သည်။ မင်းတုန်းမင်းသည် ၀ါကို တော်ဝင်သီးနှံ (Royal Crop)အဖြစ် ကြေညာပြီး တစ်ဦးတည်း ချုပ်ကိုင်သောစနစ် (Monopoly) ကို ကျင့်သုံးခဲ့သည်။ ထိုကာလတွင် အထက်မြန်မာနိုင်ငံမှ ၀ါဂွမ်းပိဿာ ၇၇ သိန်း ထွက်ရှိပြီး ယူနန်သို့ ၂၀ မှ ၅၇ သိန်းအထိ တင်ပို့နိုင်ခဲ့သည်ဟုဆိုသည်။
သမိုင်းအထောက်အထားအရသာ ၀ါဂွမ်းစိုက်ပျိုးမှုနှင့် သုံးစွဲမှုတို့ကို ပျူခေတ်မှစခဲ့သည်ဟု ဆိုရပေသည်။ ထိုအချိန်တွင် အိန္ဒိယ၌ ၀ါဂွမ်းသုံးစွဲမှု တိုးတက်နေပြီဖြစ်သည်။ ဤသို့ဆိုလျှင် ကူးသန်းရောင်းဝယ်မှု ရှိနေသော အိန္ဒိယမှမြန်မာသို့ နှစ်ပေါင်း ၅၀၀-၁၀၀၀ ကျော် နောက်ကျပြီးမှ အာဘိုးရီးယံဝါမျိုးစေ့နှင့် အထည်ရက်လုပ်မှုပညာ ရောက်လာရသလော၊ ထို့ထက်စော၍ ရောက်ခဲ့ဖူးသလော သို့မဟုတ် မိမိ မြန်မာပိုင်မျိုးနှင့် နည်းပညာရှိပြီးဖြစ်၍ မရောက်ခဲ့လေသလော စသည်များသည် တွေးတောစရာ ဖြစ်နေသည်။ ဂေါ့စီပီယံအာဘိုးရီးယံမျိုးမဟုတ်သော ၀ါရိုင်းမျိုး (Tree Cotton)သည် မြန်မာ နိုင်ငံတွင် ရှိနေခဲ့သည်။ လက်ပံပင်မှ လဲကိုလည်းကောင်း၊ သစ်ခေါက်လျှော် (ဂုန်လျှော်၊ ပိုက်ဆန်လျှော် စသည်) ကိုလည်းကောင်း၊ အထည်ရက်လုပ်ရာတွင် အသုံးပြုခဲ့ပါက ၀ါရိုင်းပင်မှဝါကို ရှေးမြန်မာများ အလွယ် တကူရသဖြင့် သုံးစွဲမည်ဟု ယူဆနိုင်သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ၀ါဂွမ်းစိုက်ပျိုးမှုနှင့် ချည်ထည် ရက်လုပ်မှုသည် အထောက်အထားပြနိုင်သော ခေတ်မတိုင်မီကပင် ရှိနိုင်သည်။
ယခုအချိန်တွင် (၂၀၂၄ ခုနှစ်) မတွေ့ရသလောက် နည်းသွားသော ကမ္ဘောဒီးယားဝါ ခေါ် ကမ္ဘောဇဝါနှင့် ရှမ်းဝါတို့ကို လွန်ခဲ့သော နှစ် ၁၀၀ ကျော်က ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးခဲ့သည်။ ကမ္ဘောဇဝါမျိုးသည် ဂေါ့စီပီယံဟာဆူတန်မျိုးဖြစ်သည်။ ထိုဝါမျိုးကို အခြားဒေသများတွင် မတွေ့ရချေ။ အိန္ဒိယမှသွင်းလာသော ဂေါ့စီပီယံအာဘိုးရီးယံ မဟုတ်ချေ။ ဤသို့ဖြစ်လျှင် ဝါဂွမ်းသုံးစွဲမှုတွင် အိန္ဒိယနှင့် မရှေးမနှောင်းဖြစ်သော အိမ်နီးချင်းဖြစ်သည့် တရုတ်ပြည်မှတင်သွင်းသလော၊ မြန်မာပိုင်မျိုးဖြစ်သလော တွေးတောစရာဖြစ်နေသည်။ ရှမ်းဝါမျိုးမှာ အာဘိုးရီးယံမျိုးဖြစ်သည်။ ထို့ပြင် ချင်းဝါနှင့် ရခိုင်ဝါမျိုး (အာဘိုးရီးယံမျိုးများ)သည်လည်း ယခင်ကသူ့ဒေသနှင့် သူရှိခဲ့သည်။ ထိုမျိုးများသည် ဒေသအရ အိန္ဒိယမှ လာသောမျိုးဖြစ်နိုင်သည်။ ။
ဒေါက်တာချစ်