
မြစ်ကိုအလျှား စုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ကမ်းခြေက မောင်နှမတွေကလည်း လက်ကလေးတယမ်းယမ်းနှင့်။ ပိုက်လှေတွေက မြစ်ရေပြင်ထဲမှာ လှုပ်တုပ်လှုပ်တုပ်။ ကျွန်တော်တို့လှေသည် ငပသုန်ကျွန်းဝါးတောင်မော်ဖျားမှ နောင်တော်ကြီးကျွန်းနှင့် နောင်တော်လေး(နတ်စဖိုကျွန်း) ရေလက်ကြားကိုဖြတ်ပြီး ရွက်လွှင့်သွားလိုက်၏။ မြောက်ပြန်လေက ခပ်ကြမ်းကြမ်း ဖိရိုက်နေပေရာ တိုင်ကပ်ရွက်နှစ်ဖုံ ဖွင့်ထားသော ပိုက်လှေမှာ လှိုင်းလုံးလှိုင်း တန်းများကိုဖိနင်းပြီး တရှဲရှဲအသံပေးကာ ပြေးမြဲပြေးနေ၏။ ကျွန်တော့်မှာ ရွက်တိုင်လေးကို မြဲမြဲဖက်ရင်း ပဲ့ကိုင်ပေးနေသော အဖေကြီးကို ခဏခဏလှမ်းကြည့်၏။
"သားကြီး ဘာမှမကြောက်နဲ့နော်၊ တွေ့လား မြစ်ပြင်ကျယ်အနှံ့ ပိုက်လှေတွေ ချည်းပဲ"
နောင်တော်မြစ်ပင်လယ်ပြင်မှာတော့ လှိုင်းအိလေးများမှာ တစ်လုံးနောက် တစ်လုံးလိုက်ကာ ခပ်သော့သော့လေး ပြေးလွှားဆော့ကစားနေကြသည်။ အကျီစားသန်နေသော လှိုင်းလုံးလေးများကို တစ်ရာကျော်သော ပသျှူးပိုက်လှေများက ကျောပေါ်ခွထိုင်ပြီး လှိုင်းစီးနေကြသည်။
"သားကြီး လှိုင်းတွေကိုချည်း လိုက်ကြည့်မနေနဲ့လေ၊ ဟိုးဝေးဝေးမှာ ပျပျမြင်နေရတဲ့ ကျွန်းတွေ၊ တောင်တွေကို ကြည့်ထားနော်"
ကျွန်တော် အဖေကြီးကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ လှေမှာ ကျွန်းတန်းတွေနှင့် တော်တော်လှမ်းလှမ်းသို့ ရောက်လာခဲ့ပေပြီ။ မြစ်လယ်ကောင်တွင် ထီးတည်းရှိနေသော နောင်တော်ကြီးတောင်ကိုပင် မှိုင်းပျပျပဲမြင်နေရတော့သည်။ ပိုက်လှေတွေလည်း တော်တော် ကျဲသွားသည်။ ဘယ်တွေရောက်ကုန်ပါလိမ့်။ သူ့ခွင်နှင့်သူ ပိုက်ခွင်ရှာနေကြခြင်းပဲ ဖြစ်တန်ရာသည်။
"ကဲ ရေတက်မှာ တစ်ချီချမယ်ဟေ့ ရွက်ချလိုက်ကြတော့"
ပိုက်ခေါင်းဆောင်အဖေ လုပ်ငန်းအကောင်အထည်ဖော်ရန် သတိပေးလိုက်သည်။ ကျွန်တော်နှင့်ကိုစံထွားတို့ ကိုယ့်ရွက်ကိုကိုယ် နပျံကြိုးလျှော့ပြီး ရွက်ကိုရွက်တိုင်တွင် ပတ်လိပ်ကာ နပျံကြိုးနှင့်ပဲစည်းချည်ပြီး ရွက်တိုင်ပေါက်မှ နုတ်လိုက်ကြသည်။ လေတိုးအားမဲ့သွားသောလှေမှာ ရှဲခနဲအသံမြည်ကာ အရှိန်ရပ်သွား၏။ လှေအသွားနှုန်းရပ်သွားမှ လှိုင်းက ပိုကြီးလာသည်။ လှေမှာ ပိုပြီးလူးလိမ့်လာ၏။
"ကဲ သားကြီး လှေဦးပိုင်းကနေ ခတ်တက်ကို ဆွဲခတ်ပေးနော်"
ကျွန်တော်၏ တက်ခတ်အားကြောင့် လှေမှာ လှိုင်းတောထဲတွင် မရွေ့ချင်ရွေ့ချင် သွားနေ၏။ အဖေသည် ကျွန်တော့်ကို အားရပုံမပေါ်၊ မတ်တတ်ရပ်လျက်ပဲ မြီးတံရှည်တက်မကို ရေထဲသို့ နာနာနှိုက်ပြီး လှေပဲ့ဖျားကနေ အားရပါးရ ဖိလှော်ပေးလိုက်၏။
"ပစ်"
"ဖန်း"
အဖေ ပိုက်ချရန် အမိန့်ပေးလိုက်သည်ဆိုလျှင်ပဲ ပိုက်ချသမားကိုစံထွားသည် ပိုက်လက်ဖျားဖော့ကြီးကို မြစ်ပြင်ထဲသို့ ဖန်းခနဲအသံမြည်အောင် ပစ်ချလိုက်တော့သည်။ ကျွန်တော်က ပိုက်ကို ဆွဲဆန့်နိုင်ရန်အတွက် လှေအသွားနှုန်းကောင်းအောင် ခတ်တက်ကို အားကုန်ညှစ်ကာ ရှေ့တိုးနောက်လန်ပြုပြီး ဆွဲခတ်ရသည်။ ပိုက်ချသမား ကိုစံထွားကလည်း ပိုက်သယ်ဖော့ကြီးတွေကို ပစ်ချလိုက်၊ ပိုက်တွေကို ပစ်ချလိုက်၊ ငါးခြောက်လှန့် ဖော့သေးသေးလေးတွေကို ပစ်ချလိုက်နှင့် တော်တော် အလုပ်ရှုပ်နေ၏။ ပိုက်သူကြီး အဖေကလည်း ပိုက်လမ်းကြောင်း ကောင်းအောင် လှေနောက်ဘက်ကနေ လှေကို ဖြောင့်ပေးရ၊ လှော်ပေးရနှင့် လုံးဝမနားရပေ။ ပိုက်သမားသုံးယောက်မှာ ပိုက်တစ်ဖောင်လုံး ပင်လယ်ရေပြင်ထဲ ချပြီးရေးအတွက် ကိုယ့်တာဝန်နှင့်ကိုယ် ထမ်းဆောင်နေကြရာ အဝေးကကြည့်လျှင် ဇာတ်ကွက်တစ်ခုအတွက် သရုပ်ဖော်ကပြနေကြသလိုပဲ ဖြစ်ပေလိမ့်မည်။
ဆက်လက်ဖော်ပြပါမည်။