ယာယီကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့် ပြည်သူများအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော် စက်တင်ဘာ ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများ အတွက် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင် - ကျည်တောင် - ခေါမ - ညောင်ပင်သာလမ်းပေါ်ရှိ တံတားအမှတ် ၂/၂၀ သံပေါင် ဘေလီတံတား တည်ဆောက်နေမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် ဈေးကုန်းကျေးရွာ အလယ်တန်းကျောင်းခွဲ၊ ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ထိန်ပင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် နုန်းများဖယ်ရှားနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းနှင့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော နုန်းမြေများ ဖယ်ရှားခြင်းနှင့် လမ်းဘေး ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး စက်ယန္တရားများနှင့် ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။