လျှပ်စစ်ကိုလိုသလောက်သာသုံး တရားမဝင်မသုံးနဲ့
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေပုဒ်မ(၄၁)နှင့် အညီ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ်စိုက်ထုတ်ကျခံ သုံးစွဲရမှုကို လျှော့ချနိုင်ရန် ထုတ်လုပ်မှု ကုန်ကျစရိတ်များအား ကာမိစေသော လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သတ်မှတ်လိုက်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများအကြားနှင့် လူမှုစီးပွားနယ်ပယ်များတွင် များစွာဂယက်ရိုက်ခတ်မှုများ ရှိလာခဲ့သည်။ နိုင်ငံတော်ဘက်မှလည်း နှစ်စဉ်စိုက်ထုတ် ကျခံနေရမှုများ လွန်စွာများပြားလာသဖြင့် အထိုက်အလျောက်သက်သာစေရန် မလွှဲမရှောင်သာ တိုးမြှင့်ခဲ့ရခြင်းသာဖြစ်ပြီး ထိုသို့တိုးမြှင့်လိုက်သော်လည်း နိုင်ငံတော်ဘက်မှ ဆက်လက်စိုက်ထုတ် သုံးစွဲရဦးမည်ဖြစ်သဖြင့် အစိုးရနှင့်ပြည်သူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်ရည်ရွယ်၍ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေမှန်အရ နိုင်ငံတော်ဘက်မှ များစွာစဉ်းစား ဆောင်ရွက်ခဲ့ခြင်းကို သိရှိကြရန် လိုအပ်နေပါသည်။
ပြည်သူများ၏လူမှုစီးပွားဘဝနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အား ရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံများအား အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်များစွာ မြင့်မားလာသဖြင့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို မဖြစ်မနေ ပြင်ဆင်သတ်မှတ်ရန် လိုအပ်လာသဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ရခြင်းသာ ဖြစ်ပြီး လူတန်းစားအလွှာအလိုက် အဆင်ပြေစေရန်အလို့ငှာ အနည်းငယ်မျှသာတက်သည့် နှုန်းထားဖြစ်သော်လည်း အဆိုးမြင်သမား အချို့မှာပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေရန် အမျိုးမျိုးပြောဆိုရေးသားနေကြသဖြင့် ဤဆောင်းပါးအား ရေးသားတင်ပြလိုက်ရခြင်းလည်းဖြစ်ပါသည်။
မီတာခတိုးမြှင့်ကောက်ခံရသည့် ရည်ရွယ်ချက်မှာ နှစ်မျိုးတည်းသာရှိသည်။ ပထမအချက်မှာ ဌာနမှဝင်ငွေတိုးတက်ရရှိ၍ လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ဒုတိယအချက်အနေဖြင့် မလုံမလောက်ဖြစ်နေသည့် လျှပ်စစ်ဓာတ်အားကို မလိုအပ်လျှင်မသုံးဘဲ လိုအပ်သလောက်သာ သုံးစေလိုသော ရည်ရွယ်ချက်များပင်ဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာဖြန့်ဖြူးနိုင်ခြင်း မရှိသေးပါ။ အမှန်လိုအပ်နေသည်မှာ မဂ္ဂါဝပ်၆၀၀၀ ခန့်ဖြစ်သော်လည်း ပျမ်းမျှအားဖြင့် ၂၅၀၀ မဂ္ဂါဝပ်ဝန်းကျင်ကိုသာ ကြိုးစားဖြန့်ဖြူးပေးနိုင်လျက်ရှိရာ ပြည်သူတို့အနေဖြင့် မလိုအပ်ဘဲ လျှပ်စစ် ဓာတ်အားကို မသုံးစွဲခြင်းဖြင့် ယခုကဲ့သို့ ဓာတ်အားမလုံလောက်ချိန်တွင် အခြားအရေးကြီး လိုအပ်သော ဆေးရုံ၊ စာသင်ကျောင်းစသည်တို့ကို ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်မည်ဖြစ်၍ နံနက်အလင်းရောင်ရှိသည့် အချိန်မျိုးတွင် လမ်းမီးများ ၊ လုံခြုံရေးမီးများနှင့် အခြားမလိုအပ်သော မီးများပိတ်ထားခြင်းဖြင့် လျှပ်စစ်မီးကိုပိုမို၍ အချိန်ပြည့်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ရုံမက ပိုလျှံလာပါက နိုင်ငံတော် ဓာတ်အားစနစ်မှ မီးမရရှိသေးသော အိမ်ထောင်စုများအား ဓာတ်အားပိုမိုဖြန့်ဖြူး ပေးနိုင်လာမည်ဖြစ်သည်။
နေအိမ်တစ်အိမ်လျှင် သို့မဟုတ် မိသားစုတစ်စုလျှင် အသုံးပြုရန်မလိုသေးသော ၄၀ ဝပ်အားရှိ လေးပေမီးချောင်းတစ်ချောင်းနှင့် ၆၀ ဝပ်အားရှိ မီးသီးတစ်လုံး စုစုပေါင်း ၁၀၀ ဝပ်ခန့်ကို ပိတ်ပေးထားခြင်းဖြင့် လက်ရှိနိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရယူ သုံးစွဲနေသော အိမ်ထောင်စုနှစ်သန်းကျော်ခန့်နှင့် တွက်ချက်ကြည့်ပါလျှင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အား ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစက်ရုံတစ်ရုံ အသစ်တည်ဆောက်ခြင်းနှင့် အလားတူ အကျိုးသက်ရောက်မှုများ ရရှိလာစေမည်ဖြစ်ပါသည်။
ဤနေရာတွင် လျှပ်စစ်မီးအားလုံး ပိတ်ထားရန် ချွေတာစေခြင်းမျိုး မဟုတ်ဘဲ မလိုအပ်ပါက (အသုံးပြုရန်မလိုပါက) မီးပိတ်ထားစေခြင်းမျိုးသာ ဖြစ်သည်ကိုလည်း သတိပြုကြစေလိုပါသည်။ မီးသုံးသူပြည်သူများအနေဖြင့် ထိုသို့လျှပ်စစ်မီးကို မလိုအပ်သော နေရာများတွင် အသုံးမပြုခြင်းဖြင့် လျှပ်စစ်မီတာခကိုလည်း များစွာသက်သာလာမည်ဖြစ်ပါသည်။ ပထမယူနစ် ၂၀၀ အထိအလင်းရောင်နှင့် ရေတင်ခြင်းစသည့် အိမ်သုံးသုံးစွဲသူ ၃ဝ ရာခိုင်နှုန်းသောပြည်သူများအတွက် ဓာတ်အားခနည်းနည်းသာတိုးပြီး လျှပ်စီးကြောင်း ပမာဏများများသုံးသည့် Hot Plate၊ Air-con နှင့် ဒယ်နီစသည်တို့ကို သုံးစွဲသူများအတွက်လည်း နိုင်ငံတော်မှ ထုတ်လုပ်စရိတ်ကာမိစေရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် ချွေတာသုံးစွဲကြခြင်းဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိလာစေပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များ ပိုမိုလျော့နည်းလာစေမည့် အကျိုးကျေးဇူးများကို ရရှိခံစားကြရမည်ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့်ကောက်ခံလိုက်ခြင်းဖြင့် ဓာတ်အားသုံးစွဲသူများမှ လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲလာပြီး မလိုအပ်ဘဲ ဓာတ်အားအလေအလွင့် ဆုံးရှုံးနေမှုများ လျော့နည်းကျဆင်းလာစေရန် ရည်ရွယ်သော်လည်း အခြားတစ်ဖက်တွင်လျှပ်စစ်ဓာတ်အားကို လျှော့မသုံးဘဲ ဓာတ်အားခိုးယူသုံးစွဲခြင်း သို့မဟုတ် တရားမဝင် လျှပ်စစ်ဓာတ်အားရယူ သုံးစွဲမှုများ ဖြစ်လာနိုင်ခြေကလည်း ရှိနေပြန်ပါသည်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သည့်ကြေညာချက် ပေါ်ထွက်ပြီးကတည်းက လူမှုကွန်ရက်စာမျက်နှာများတွင် မီတာခတိုးမပေးရအောင် လျှပ်စစ်မီတာတွင် တရားမဝင်ပြုလုပ်ရန် နည်းများအား ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များဖြင့် ပြုလုပ်ပြသထားသည်များ ပျံ့နှံ့လာသည်ကို တွေ့ရှိနေရသဖြင့် ပြည်သူများ လိုက်မလုပ်မိကြစေရန် အထူးလိုအပ်ပါသည်။
မီတာခနှုန်းထားများ မတက်မီကပင် ပြည်သူအချို့နှင့် လုပ်ငန်းရှင်အချို့တို့သည် မိမိတို့ဓာတ်အားခ သက်သာစေရေးအတွက် လျှပ်စစ်ဝန်ထမ်းဟောင်းအချို့နှင့် လက်ရှိအကျင့်ပျက် ဝန်ထမ်းအချို့တို့နှင့် ပူးပေါင်းကာ တရားမဝင်ဓာတ်အား သုံးစွဲမှုများကို ဆောင်ရွက်လျက်ရှိရာ မီတာခတက်ပြီးနောက် မီးခိုးမှု ပိုမိုလုပ်ဆောင်လာနိုင်မည့် အခြေအနေကလည်း ရှိနေပြန်ပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက နိုင်ငံတော်မှ မျှော်မှန်းသလိုဖြစ်လာနိုင်တော့မည် မဟုတ်ဘဲ ဓာတ်အားပျောက်ဆုံးမှုများ ပိုမိုများပြားလာသလို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများလည်း ပိုမိုဖြစ်ပေါ်လာနိုင်သည်။ သို့ဖြစ်၍ လျှပ်စစ်မီး ပိုမိုရရှိလာရေးအတွက် ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှ အသိစိတ်ဓာတ်ရှိရှိဖြင့် မလိုအပ်သေးပါက လျှပ်စစ်ဓာတ်အားကို မသုံးစွဲခြင်း၊ လျှပ်စစ်ဓာတ်အားကို တရားမဝင်ခိုးယူ သုံးစွဲခြင်းမျိုးမှ ရှောင်ကြဉ်ကြရေးမှာ အထူးအရေးကြီးလှပါသည်။ မည်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ဓာတ်ရှိသူများကိုလည်း ပြည်သူများက ပူးပေါင်း၍ ဝိုင်းဝန်းဖော်ထုတ်ပေးနိုင်မှသာ နိုင်ငံတော်၏ ဓာတ်အားခအနည်းငယ်သာ တိုးမြှင့်ကောက်ခံပြီး လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေနိုင်ရေး မျှော်မှန်းချက်မှာ အောင်မြင်မှုများ ရရှိလာနိုင်မည်ဖြစ်ပါသည်။
ယခုအခါ ပညာပေးကာလအနေဖြင့် တရားမဝင် သုံးစွဲမှုများကိုဖြေလျှော့၍ အရေးယူဆောင်ရွက်လျက်ရှိသော်လည်း အနာဂတ်ကာလတွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားတော့မည်ဖြစ်ရာ တရားမဝင်ဓာတ်အား သုံးစွဲသူများနှင့် အကျင့်ပျက်ဝန်ထမ်းအချို့ အနေဖြင့် အထူးဆင်ခြင်ကြရန် အချိန်ကာလလည်း ဖြစ်ပါသည်။ မကြာမြင့်သေးမီကာလက အရေးယူခဲ့ရသော ဖြစ်ရပ်အချို့အားလည်း ပြည်သူတို့သိရှိနိုင်စေရန် အနည်းငယ်ဖော်ပြလိုပါသည်။
ပထမဆုံးတင်ပြလိုသော အမှုဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ရေခဲစက်တစ်ခုတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် ဓာတ်အားခ သက်သာစေရန် မီတာအား ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မီတာအားပြုပြင် ဆောင်ရွက်ပေးသူအခြားမြို့နယ်မှ ဝန်ထမ်းနှစ်ဦးနှင့်အတူ ပြုပြင်ဆောင်ရွက်ရန် စေခိုင်းသူ ရေခဲစက်မန်နေဂျာ ဖြစ်သူတို့အား လျှပ်စစ်ဥပဒေ ပုဒ်မ(၅၃) ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဥပဒေပုဒ်မ (၆၃) အရ တရားစွဲဆိုထားသည့်အပြင် ရေခဲစက်ရုံကိုလည်း နစ်နာကြေးငွေ သိန်းတစ်ထောင်ကျော် ပြန်လည်ပေးသွင်းစေခဲ့သော အမှုဖြစ်စဉ်ဖြစ်သည်။ ဒုတိယအနေဖြင့် စိတ်ဝင်စားဖွယ်ရာ အမှုဖြစ်စဉ်တစ်ခုကိုလည်း ဖော်ပြပေးလိုပါသည်။ အိမ်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ ဖြစ်ကာ ပြည်ပသို့ခရီးသွားရောက်နေပြီး နေအိမ်အား ငှားရမ်းထားခဲ့ရာ အိမ်ငှားဖြစ်သူမှ အိမ်သုံးမီတာအား ခွထောက် (By pass) ပြုလုပ်ကာ သုံးစွဲခဲ့သော အမှုဖြစ်စဉ်ဖြစ်သည်။ ဥပဒေအရ အိမ်ရှင်တွင်သာ တာဝန်ရှိသဖြင့် အိမ်ရှင်ဖြစ်သူအား နစ်နာကြေးငွေ ဆယ်သိန်းကျော်ပေးသွင်းစေပြီး လျှပ်စစ်ဥပဒေအရ အမှုဖွင့်တရားစွဲဆိုထားသော ဖြစ်စဉ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှစ်ခုမှာ လက်ရှိတွင် တရားစွဲဆိုထားခြင်းမှ ကင်းလွတ်ခွင့်ပြုပါရန် ကာယကံရှင်တို့မှ အသနားခံ တင်ပြထားဆဲသာဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးဟုသိရှိရသည်။ ထို့ပြင်အခြား စိတ်ဝင်စားဖွယ်ရာအမှုဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့) မြို့နယ်မှဖြစ်ကာ အဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပါဝါမီတာမှာ Over Load သုံးစွဲ၍ လောင်ကျွမ်းပျက်စီးခဲ့ခြင်းအား မြို့နယ်လျှပ်စစ်ရုံးသို့ တရားဝင်တင်ပြခြင်း မရှိဘဲ လျှပ်စစ်ရုံးမှနေ့စား ဝန်ထမ်းများအား ငွေပေး၍ပြုပြင်စေခိုင်းခဲ့သော ဖြစ်စဉ်ဖြစ်သည်။ အဆိုပါ နေ့စားဝန်ထမ်းများအား ယခုအခါတာဝန်မှ ရပ်စဲထားပြီးဖြစ်သည့်အပြင် ကာယကံရှင်ကိုလည်း နစ်နာကြေးတောင်းခံရန်နှင့် အမှုဖွင့်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်များကို လေ့လာကြည့်ရှုခြင်းအားဖြင့် တရားမဝင်ဓာတ်အား သုံးစွဲမှုများအား စစ်ဆေးတွေ့ရှိလျှင် နစ်နာကြေး တောင်းခံပေးသွင်းရုံမျှဖြင့် ရရှိတော့မည်မဟုတ်ဘဲ လျှပ်စစ်ဥပဒေများဖြင့်ပါ အမှုဖွင့်တရားစွဲဆိုခံရပြီး ချက်ချင်း အာမခံမရဘဲ အချုပ်အနှောင် ခံရနိုင်သည်ဆိုခြင်းကို ပြည်သူများအထူး သတိပြုမိကြစေလိုပါသည်။ ဤနေရာတွင် လျှပ်စစ်ဥပဒေပုဒ်မ (၅၃)နှင့်(၆၃)တို့အား ဖော်ပြပေးလိုပါသည်။
ပုဒ်မ(၅၃) ။ ။ မည်သူမျှလျှပ်စီးကြောင်း လွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့် လိုင်းကိုဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်းမပြုရ။
တရားမဝင်ချိတ်ဆွဲ အသုံးပြုခြင်းနှင့် လျှပ်စစ်မီတာအား မသမာပြုလုပ်၍ ဓာတ်အားခိုးယူခြင်းတို့အတွက်မပြုလုပ်ရန် တားမြစ်ထားသော ပုဒ်မဖြစ်ပါသည်။
အဆိုပါ ပုဒ်မ(၅၃)အားချိုးဖောက်ကြောင်း သက်သေထင်ရှားလျှင် လျှပ်စစ်ဥပဒေပုဒ်မ(၆၃) အရ မည်သူမဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကိုအနည်းဆုံး ငါးနှစ်မှအများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားရာ အဆိုပါဥပဒေပုဒ်မများသည် မည်မျှကြီးလေးပြင်းထန်ကြောင်း ထင်ရှားလှပြီး မီးသုံးသူပြည်သူများ အနေဖြင့် အသနားခံနေရုံဖြင့် ကင်းလွတ်ခွင့်ရရှိနိုင်ရန် မလွယ်ကူကြောင်း သိသာထင်ရှားလှသည်။ မီးဆိုသည်မှာ ပူမှန်းသိပါလျက် ပူမည်မထင်၍ကိုင်မိလျှင် ကိုင်မိသူသာအပူဒဏ် ခံစားရပါလိမ့်မည်။ ဥပဒေဆိုသည်မှာလည်း အလားတူပင်ဖြစ်မှသာ “ မသိလို့နားမလည်လို့ပါ”ဟု ထုချေနေရုံဖြင့်အပြစ်မှ လွတ်မည်မဟုတ်ပါသဖြင့် တရားမဝင်ဓာတ်အား သုံးစွဲမှုများဆောင်ရွက်ပါက ထောင်ဒဏ်ကျခံနိုင်မည် ဆိုသည်ကိုလည်း နားလည်သဘောပေါက်ကြရန် အထူးပင် လိုအပ်နေပြီဖြစ်သည်။
မီတာခနှုန်းမတိုးမီကပင် ကုန်ဈေးနှုန်းများ တိုးနေသည်ကို ပြည်သူများ တွေ့ကြုံခဲ့ပြီးဖြစ်သဖြင့် ကုန်ဈေးနှုန်းများ တက်နေခြင်းသည် မီတာခတက်ခြင်းနှင့် လုံးဝမသက်ဆိုင်သည်မှာ ထင်ရှားပါသည်။ မီဒီယာအချို့တွင် စွပ်စွဲဖော်ပြနေကြသလို အဆမတန်တိုးမြှင့်ခဲ့ခြင်းလည်း မဟုတ်ဘဲ လျှပ်စစ်ဓာတ်အား အနည်းငယ်သာ အသုံးပြုနိုင်သော အခြေခံလူတန်းစားများအတွက် အနည်းငယ်သာ တိုးမြှင့်ထားခြင်းဖြစ်ပြီး များများသုံးစွဲလိုသောသူများ အနေဖြင့်လည်းနိုင်ငံတော်မှ ထုတ်လုပ်စရိတ်ကာမိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ဓာတ်အားနည်းနည်း သုံးပါက ဓာတ်အားခသက်သာပြီး များများသုံးပါက နိုင်ငံတော်မှ ထုတ်လုပ်စရိတ်ပိုမိုကာမိစေသော စနစ်ဖြစ်ကြောင်းကို ဓာတ်အားခနှုန်းထားသစ်များအား သေချာစွာလေ့လာကြည့်ရှုပါက သိမြင်နိုင်ကြပါလိမ့်မည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်မှာ ကမ္ဘာအနှံ့အပြားတွင် တစ်ယူနစ်လျှင် အနည်းဆုံးငွေကျပ် ၃၀၀ မှ ၄၀၀ ခန့်ရှိနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ယူနစ်လျှင် ၅၀ ကျပ်သာ ရယူထားခြင်း ဖြစ်ပါသည်။ လျှပ်စစ်သုံးစွဲမှု ပမာဏများလာခြင်း၊ ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် (RenewableEnergy)ပြောင်းလဲ သုံးစွဲရန်ကြိုးစားခြင်း၊ အစိုးရ၏ငွေကြေး စိုက်ထုတ်နေရမှုများကို လျှော့ချလိုခြင်း၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ဈေးတက်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာတွင်လည်း လျှပ်စစ်မီတာခများ တိုးမြှင့်လေ့ရှိပါသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်က တစ်ယူနစ်လျှင် ၃ ဒသမ ၃၈ ဘတ်မှ ၂၀၂၄ ခုနှစ်တွင် တစ်ယူနစ်လျှင် ၄ ဒသမ ၁၈ ဘတ်အထိ တိုးမြှင့်ခဲ့ပါသည်။ အလားတူ ဗီယက်နမ်နိုင်ငံတွင်လည်း တစ်နှစ်အတွင်း မီတာခကို ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါသည်။
မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ဓာတ်အားခဈေးနှုန်းများ မြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ရုပ်ကြွင်းလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို လျှော့ချပြီး ဈေးနှုန်းကြီးမြင့်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ပိုမိုထုတ်လုပ်လာရခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါ အခြေအနေများကို သိမြင်ကြ၍ ဓာတ်အားခတက်ခြင်း အပေါ် ပြည်သူများအနေဖြင့် ဝေဖန်ခြင်းမျိုး မရှိသည်ကိုလည်း တွေ့ရှိရပါသည်။
တစ်ဖက်တွင်လည်း မီတာခတိုးမြှင့်ကြောင်း ကြေညာလိုက်စဉ်တွင်ပင် ပြည်သူများဘက်မှ မီတာခတော့တိုးပြီး လျှပ်စစ်ကိုတော့ အပြည့်မပေးကြောင်း ဝေဖန်မှုများမြင့်တက်လာပါသည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားကို အလုံအလောက် မထုတ်လုပ်နိုင်သေးသဖြင့် အလှည့်ကျပေးနေရခြင်း ဖြစ်ပြီးလျှပ်စစ်မီတာခ တိုးမြှင့်လိုသဖြင့် လျှပ်စစ်လုံလောက်လျက်သားနှင့် အလှည့်ကျပေးနေခြင်းမျိုး မဟုတ်သဖြင့် မီတာခတိုးတိုးချင်း မီးအပြည့်အဝပေးရန်မှာ မဖြစ်နိုင်သေးပါ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့် စက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများသည် ယခုချက်ချင်းဆောက် ယခုချက်ချင်းမပြီးစီး
နိုင်ပါ။ မဟာဓာတ်အားလိုင်းတိုင်ကြီး တစ်ခုအားဖြိုဖျက်ရန် မိနစ်ပိုင်းသာ လိုသော်လည်း ပြန်လည်တည်ဆောက်ရန် အချိန်များစွာလိုအပ်ပါသည်။ အချို့သော စက်ပစ္စည်း ကိရိယာများသည် ပြည်ပမှ ဝယ်ယူရသဖြင့် ထိုက်သင့်သည့်အချိန် လိုအပ်ပါသည်။ မန်းမှုတ်လိုက်ရုံဖြင့် ဘွားကနဲပေါ်လာခြင်းမျိုး မဟုတ်သဖြင့် မီတာခ တိုးလိုက်ရုံဖြင့် ချက်ချင်းလျှပ်စစ် အပြည့်ရနိုင်မည်တော့ မဟုတ်ပါ။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်တိုးတက် ထုတ်လုပ်နိုင်ရေးနှင့် အပြည့်အဝပေးနိုင်ရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသဖြင့် မဝေးတော့သည့် ကာလတွင် ပို၍ပို၍ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်လာမည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ နိုင်ငံတော်မှဓာတ်အား တိုးမြှင့်ရခြင်း အကြောင်းရင်းသည် ငွေကြေးမတတ်နိုင်သည့် မိသားစုတွင် လျှပ်စစ်ယူနစ်ကို နည်းနည်းပဲသုံးကြသဖြင့် နိုင်ငံတော်ဘက်က စိုက်ထုတ်ရတာနည်းသော်လည်း လျှပ်စစ်အသုံးအဆောင်များစွာဖြင့် လျှပ်စစ်ယူနစ်အများကြီး သုံးစွဲမှုအပေါ် နိုင်ငံတော်ဘက်မှ အများကြီး စိုက်ထုတ်ရသဖြင့် စိုက်ထုတ်ရသက်သာစေရန် ရည်ရွယ်ဆောင်ရွက်လိုက်ခြင်းသာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဓာတ်အားခ တိုးမြှင့်ခြင်းအပေါ် အဆိုးမြင်ဝါဒီသမားများ၏ အဆိုးမြင်ဝေဖန်ချက်များကို ဂရုမပြုကြဘဲ လျှပ်စစ်ကို ပိုမိုရရှိစေရန်အတွက် လျှပ်စစ်ဓာတ်အားကို မလိုအပ်ချိန်တွင် အသုံးမပြုခြင်း၊ တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ခြင်းဖြင့်ပြည်သူများဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံ ရေးသားတင်ပြလိုက်ရပါသည်။ ။