အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၁၉
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းတွင် ၂၀၀၅ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတွင် လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ ဆွေမျိုးကောင်းစားရေး ပြုခြင်း၊ နီးစပ်ရာ ကောင်းစားရေးပြုခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်းစသည်ဖြင့်ရှိကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တာဝန်ရှိသူအားလုံးက အဂတိလိုက်စားမှု အကျင့်ဆိုးကို လုံးဝလက်မခံဘဲ အဂတိကင်းစင်သည့် လူ့ဘောင်ဖြစ်ရန် အတူတကွ ပူးပေါင်းတိုက်ဖျက်ကြရန် လိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များ အဂတိလိုက်စားမှု၏ သဘောသဘာဝများကို ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။