သဘာဝဘေး အန္တရာယ်နှင့် ကျန်းမာရေး

 

သဘာဝဘေး အန္တရာယ်နှင့် ကျန်းမာရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၂၀ ရက်)

    ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ရေများပြန်လည် ကျဆင်းသွားသည့် နေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းပါဝင်သော အဖွဲ့များက သန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါသန့်ရှင်းရေး ဆောင်ရွက်ပေး သည့် နေရာတိုင်းတွင် ရွှံ့ညွန်များ၊ အမှိုက်သရိုက်များကို တွေ့မြင်ရသည်။ ရေကြီးခြင်းသည် မြေအောက်ရေ၊ မြစ်များနှင့် ကမ်းရိုးတန်းရေများ လျှံတက်လာသည့်အခါတွင် လူနှင့်တိရစ္ဆာန်တို့၏ စွန့်ပစ်ပစ္စည်းများ၊ မိလ္လာများသည် ရေလွှမ်းမိုးမှုနှင့်အတူ ပါရှိလာသည်။ ညစ်ညမ်းသောရေနှင့် ထိတွေ့ရသောကြောင့် ရေမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အူလမ်းကြောင်းပိုးဝင်ခြင်း၊ တိုက်ဖွိုက်အဖျားရောဂါနှင့် အသည်းရောင်အသားဝါအေ ရောဂါတို့ကိုဖြစ်စေနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။

အဆိုပါညစ်ညမ်းသောရေနှင့် ထိတွေ့မိသောသူတွင် အရေပြားဒဏ်ရာ ရရှိထားပါက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်။ ဒဏ်ရာရရှိထားသော အရေပြားနှင့် ထိတွေ့သော ကြွက်ကျင်ငယ်ရည်နှင့် ညစ်ညမ်းသော ရေမှတစ်ဆင့် ကူးစက်တတ်သည့် Leptospirosis ကဲ့သို့သော ရောဂါများဖြစ်စေနိုင်သည်။

ကမ်းရိုးတန်းနှင့် ရေကြီးရေလျှံဖြစ်သည့်ဒေသများတွင်  သောက်သုံးရေထဲသို့ ဆားငန်ရည် ဝင်ရောက်ခြင်းကြောင့် သွေးတိုးရောဂါနှင့် ကိုယ်ဝန်အဆိပ်တက်ရောဂါများလည်း ဖြစ်နိုင်ခြေရှိသည်။ ရေကြီးရေလျှံ ဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်ကြရသည့်အခါ လူစုလူဝေးများတွင် ကူးစက်နိုင်သော ရောဂါများဖြစ်သည့်  ဝက်သက်နှင့်ဦးနှောက် အမြှေးရောင်ရောဂါများ အဖြစ်များပြီး   ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ရရှိနိုင်သည်။

အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးများတွင် နာမကျန်းဖြစ်မှုနှင့် အသက်ဆုံးရှုံးသူများမှာ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့်ဖြစ်သည်။ မိုးရွာသွန်းမှုနှင့် စိုထိုင်းဆများသည့် အခြေအနေကြောင ခြင်ပေါက်ပွားမှုများပြားလာပြီး သွေးလွန်တုပ်ကွေး၊ ဂျပန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ကူးစက်နိုင်ခြေမြင့်မားသည်။

ရေကြီးရေလျှံခြင်းကြောင့်ဖြစ်ပေါ်လာသော ရေများမှာ သန့်ရှင်းမှု မရှိသောရေများဖြစ်ပေရာ အဆိုပါ ညစ်ညမ်းသော ရေနှင့်ထိတွေ့ပါက အရေပြားယားယံခြင်း၊ နီမြန်းခြင်း၊ ပွေး၊ ဝဲ၊ ယားနာနှင့် အရေပြားဒဏ်ရာပိုးဝင်ခြင်း၊ အရေပြားမှိုပိုးကူးစက်ခြင်းတို့ကို ခံစားရနိုင်သဖြင့် အချိန်မီကုသရန် လိုအပ်သည်။

ဂရုတစိုက်ကုသရန် ပျက်ကွက်ခဲ့ပါက ဒဏ်ရာများ ပိုးဝင်ခြင်းကြောင့် ဖျားနာခြင်း၊ မေးခိုင်ပိုးဝင်ခြင်းကြောင့် သေဆုံးခြင်းတို့ဖြစ်နိုင်သည်။ လူတိုင်းအတွက် နေ့စဉ်လိုအပ်သည်မှာ သန့်ရှင်းသော သောက်သုံးရေဖြစ်သည်။

ရေကြီးရေလျှံမှုဖြစ်ပွားသည်နှင့် အတူ ရေများ၏ သန့်ရှင်းမှုမှာလည်း လျော့နည်းသွားနိုင်သည်။ သောက်ရေ သုံးရေတွင် အနံ့အရသာ ထူးထူးခြားခြားဖြစ်နေပါက သုံးစွဲခြင်း မပြုကြရန်ဖြစ်သည်။ သောက်သုံးရန်၊ အစား အစာချက်ပြုတ်ရန်၊ ရေချိုးရန်အတွက် ညစ်ညမ်းနိုင်ခြေရှိသော ရေကိုအသုံးမပြုခြင်းဖြင့် ကျန်းမာရေးကို ဂရုစိုက်ကြရန်ဖြစ်သည်။

လူတိုင်းအတွက် ကျန်းမာရေးတွင် သောက်သုံးရေသာမက အစားအသောက်များကိုလည်း အထူးသတိပြု စားသုံးရမည်ဖြစ်သည်။ စက်တင်ဘာလ ၁၇ ရက်ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ ချောင်းခြားကျေးရွာနှင့် စက်တင်ဘာလ ၁၈ ရက်နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာတို့တွင် အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း ကြားသိခဲ့ရသည်။

သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများက ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း အချိန်မီ ဆောင်ရွက်လျက်ရှိပြီး ရောဂါပြန်လည် သက်သာကောင်းမွန်သူများလည်း ရှိကြောင်း သိရှိရပါသည်။

အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းလိုက်သော အစားအသောက်များကို ရေဘေးသင့်ပြည်သူများအနေဖြင့် ချက်ချင်းစားသုံးခြင်း မပြုဘဲ သိုလှောင် သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ပွားရှင်သန်စေသဖြင့် စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေခြင်းဖြစ်သည်။

ယာယီကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူများအား ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးနိုင်ရန်အတွက် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ ရိက္ခာခြောက်များကိုသာ ပေးပို့လှူဒါန်းကြပါရန်နှင့် ထိုသို့ပေးပို့ လှူဒါန်းရာတွင်မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးမှူး၊ စီမံခန့်ခွဲမှုအဖွဲ့များမှ တစ်ဆင့်သာပေးပို့ လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင်  တာဝန်ယူဆောင်ရွက်နေရသော စီမံခန့်ခွဲရေးအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

ထို့ကြောင့်   ရေကြီးရေလျှံပြီးနောက် ရောဂါကူးစက်မှုအန္တရာယ်နှင့်  နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်များမဖြစ်ပေါ်အောင် ပြည်သူတစ်ဦးချင်းအနေဖြင့်  သတိပြုဆောင်ရွက်ကြရန်ဖြစ်သည်။

ပြည်သူများအနေဖြင့်   လိုအပ်သည့်ဆေးဝါး ကုသမှုကိုခံယူနိုင်ရန် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့များနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ  ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း  ရေးသားလိုက်ရပေသည်။    ။