
မြစ်ကိုအလျှားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
"ဖန်း"
ပိုက်တစ်ဖောင်လုံးချပြီးသွားချိန်တွင် ပိုက်ချသမား ကိုစံထွားသည် လက်ရင်းဖော့ကြီးကို အားရှိပါးရှိ ပစ်ချလိုက်လေတော့သည်။ သည်အချိန်တွင် ပသျှူး ပိုက်ကြီးတစ်ဖောင်လုံးကို ရေထဲချပြီးသွားလေပြီ။
ရေပြင်ပေါ်တွင် ပေါလောပေါ်မျောနေကြသော ပိုက်ဖော့လုံးကြီးများမှာ ကြသောင်းဝါးလုံးကြီးများ ကို တစ်ဆစ်ချင်းပိုင်းဖြတ်ပြီး ပြုလုပ်ထားခြင်းဖြစ်သည်။ ဖော့ကြီးကို ရေထဲသို့ပစ်ချရာတွင် လွယ်ကူ ပေါ့ပါးစေရန် ဝါးတစ်ဆစ်ချင်းစီ အခွံနွှာပြီး မီးမြှိုက် ထားရ၏။ ကြသောင်းလို အလုံးကြီးသည့် ဝါးမျိုးမှသာ ပဝတ်ချည် (ဂုန်လျှော်) ဖြင့် ထိုးရက်ထားသော အလေးစီးသည့်ပိုက်ကြီးကို ချီနိုင်မည်ဖြစ်သည်။ ပိုက်ကွက် တစ်ကွက်လျှင် လက်ချောင်း ၁၀ ချောင်းဆံ့ အကျယ်ရှိသည်။ ငါးသေးငါးနုပ်ဟူ၍မရ။ ကကူရံ၊ ကသမြင်၊ နတ်ကတော်၊ ကကတစ် စသော ငါးမျိုးတွေသာရသည်။ ငါးများခြောက်လှန့်သည့် ဖော့သေးသေးလေး တွေကိုတော့ ရေအောက်သို့ ရောက်နေသည့် ပိုက်ထိပ်ဖျား ပိုကြိုးမှာ တစ်လံလျှင် တစ်လုံးကျစီ တန်းစီပြီး ချည်ထားရသည်။ ဖော့အစွန်းတစ်ဖက်ကို ပိုက်ပိုကြိုး နှင့်တွဲချည်ထားသဖြင့် မချည်ဘဲလွတ်နေသော တခြား တစ်ဖက်မှာ ရေဆွဲအားကြောင့် ထောင်မတ်နေကာ လှိုင်းလှုပ်တိုင်း တယမ်းယမ်း ကခုန်နေကြ၏။
ဖော့လေး၏တာဝန်က ပိုက်အပေါ်မှ ငါးတွေကျော် တက်မပြေးစေရန်အတွက် ခြောက်လှန့်ရသောဖော့ ဖြစ်၍ ငါးလှန့်ဖော့ဟု ခေါ်ကြသည်။ ကရင်ဝါးဖြင့်ပင် ဝါးတစ်ဆစ်လျှင် ဖော့သေးတစ်လုံးစီလုပ်ကြ၏။ ပိုက်ဖော့ကြိုးကိုတော့ ရေ၏အတိမ်အနက်ကို ချိန်ဆ ပြီး လက်လံ ၁၀၊ ၁၅ လံ၊ ၂၀ စသည်ဖြင့် လွှတ်ပေး ရ၏။
"ပိုက်တန်းကတော့ အသွားလှတယ် ဟေ့၊ တန်းနေ တာပဲ"
အဖေ လှေပဲ့စင်ပေါ်က မတ်တတ်ရပ်ကြည့်ရင်း ပိုက်အသွားကို သဘောကျနေ၏။
"ဝေါ့ ဝေါ့ ဝေါ့"
"အစ်ကိုကြီးရေ ဘညွန့် အန်နေပြီ"
ပိုက်ချသမားကိုစံထွားက အဖေ့ကို လှမ်းပြောလိုက်သည်။ အဖေ့မှာ ပိုက်ကိုချည်း အာရုံစိုက်နေ သဖြင့် ကျွန်တော့်ကို သတိမထားမိလိုက်။ ကျွန်တော် ကား လှေဦးဖျားမှာ တစောင်းလေးအနေအထား ဖြင့် မြစ်ထဲသို့ တဝေါ့ဝေါ့အန်ချနေပေပြီ။
"ဟင် သားကြီး အန်နေတာလား၊ လှိုင်းအရမ်းမူး သွားပြီထင်တယ်"
"လာ လာ စံထွား၊ မင်း ဒီကို ခဏလာ"
အဖေလှမ်းခေါ်သဖြင့် ကိုစံထွား ပဲ့စင်နားရောက် လာ၏။
"ရော့ ရော့ တက်မနဲ့ လှေအသွားပိုက်အလာကို ထိန်းပေးထား"
အဖေသည် ကိုစံထွားအား တက်မကို အပ်ထားခဲ့ ပြီး ကျွန်တော့်ဆီကို လျှောက်လာ၏။
"ဝေါ့ ဝေါ့ ဝေါ့"
သည်တစ်ချီမှာတော့ ကျွန်တော့်အစာအိမ်ထဲမှာ အစာတွေကုန်သွားပြီလားမသိ။ ဘာအစာမျှ မထွက် တော့ပေ။ ဝါဝါဖန့်ဖန့်အရည်တွေပဲ ထွက်ကျလာသည်။ အဖေသည် လက်ဝါးတစ်ဖက်ဖြင့် ကျွန်တော် ၏နဖူးပြင်ကို မ တင်ပေးထားပြီး ကျန်လက်တစ်ဖက် ဖြင့် ကျွန်တော့်ကျောကို နှိပ်ပေး၏။ ရင်ဘတ်ကို ပွတ်ပေး၏။
"အန်ပစ်တာ ကောင်းတယ်၊ အန်ပစ်မှ သား နေ သာထိုင်သာရှိသွားမှာ"
ကျွန်တော့်မှာ ညှစ်အန်ရလွန်း၍ ထင်သည်၊ မျက်ရည်စီးကျလာသည်။ နှာရည်ယိုထွက်လာသည်။
"ရပြီ အဖေ ရပြီ"
ကျွန်တော် တစောင်းအနေအထားမှ ထထိုင် လိုက်၏။
"ရော့ သား၊ ပါးစပ်တွေ ဆေးပစ်လိုက်၊ မျက်နှာပါ သစ်ပစ်လိုက်"
"ဟုတ်ကဲ့ အဖေ"
ကျွန်တော် မျက်နှာကိုပါ သစ်ချပစ်လိုက်၏။ ရင် ထဲမှာရှင်းပြီး နေကောင်းသွားသလိုလို ခံစားရသည်။
"ကဲ ပိုက်နားတုန်း တို့ထမင်းစားလိုက်ကြရအောင် ဟေ့"
"အဖေတို့ပဲ စားကြပါ၊ သား စားလို့မရသေးဘူး၊ ထမင်းစားရင် ပြန်အန်မှာ"
အဖေ ကျွန်တော့်အတွက် ရင်ထဲမကောင်းဖြစ်သွား ပုံရသည်။ ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်သည်။
"အဲလိုဆိုလည်း သား နောက်မှစားတော့နော်"
"ဟုတ်ကဲ့ပါ အဖေ"
အဖေနှင့် ကိုစံထွားတို့ လှေကပ်စင်ပေါ် မျက်နှာ ချင်းဆိုင်ထိုင်ပြီး နေပူကြီးထဲမှာပဲ ထမင်းစားဖြစ်သွား ကြသည်။ ထမင်းစားပြီး အဖေ ပဲ့စင်သို့သွားပြီး တက်မကြီးဖြင့် လှော်ရင်းကန့်ရင်း ပိုက်အသွားကို ပြုပြင်ပေး၏။ ကျွန်တော်တို့တွေမှာ နွေနေပူဒဏ်ကိုကာကွယ်ရန် ခမောက်လေးတစ်ခုစီမှအပ တခြားအရိပ်ခိုစရာ ဘာမျှမရှိပေ။ ပင်လယ်ကမ်းခြေရွာပီပီ နေ့ချင်းပြန် ငါးဖမ်းထွက်ကြခြင်းဖြစ်၍ နေပူဒဏ်ကာကွယ်ရန် အတွက် ခမောက်လေးတစ်ခုပဲ ယူလာကြ ခြင်းဖြစ်ပေသည်။ ပသျှူးပိုက်သမားတွေ ခေတ်အဆက်ဆက် သည်လိုပဲ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။
"သား ဘာလို့စာဖတ်နေတာလဲ၊ အဲလောက် လှိုင်းမူးနေတာကို"
"ရတယ် အဖေ အန်ပစ်လိုက်တာ ရင်ထဲတော်တော် ရှင်းသွားတယ်"
အဖေ ထမင်းစားပြီး ကျွန်တော့်ကို လှမ်းကြည့်သည်။
"အဖေ့ကို ပိုက်လိုက်ရင်း စာဖတ်မယ်လို့ သား ပြောထားတယ်လေ"
"အေးပါ သားရယ် ကြိုးစားတာ ကိုယ့်အတွက် ပါပဲ"
အဖေတို့ ထမင်းစားပြီးချိန်မှာပဲ ကျွန်တော့်ခန္ဓာ ကိုယ်ထဲက တောင်းဆိုမှုတစ်ခုကို ကျွန်တော်ခံစား လာရသည်။ အဖေ့ကို ကြည့်လိုက်သည်။ အဖေ ပိုက်လမ်းကြောင်းကို လှမ်းကြည့်နေသည်။ကိုစံထွားကတော့ စားပြီးထမင်းပန်းကန်ကို မြစ်ရေပြင်ထဲနှစ် ပြီး ဆေးနေသည်။ ကျွန်တော် ဟိုဟိုသည်သည် လှမ်းကြည့်လိုက်သည်။ မြစ်ပြင်ကျယ်ကြီးထဲမှာ ပိုက်လှေ တွေ ဟိုနားတစ်စင်း သည်နားတစ်စင်း။
ကျွန်တော့်ခံစားချက် တော်တော်ဆိုးလာသည်။ ကျွန်တော် အားကိုးရာရှာလိုက်သည်၊ မတွေ့။
ကျွန်တော်ရုပ်ပျက်ဆင်းပျက်ဖြစ်လာနေပြီ။ မလုပ်လို့ မဖြစ်သည့်အခြေအနေမျိုးသို့ ရောက်လာသည်။
"ကိုစံထွားရေ"
"ဘာလဲဟ"
"ဟိုဥစ္စာဗျာ"
"ဘာလဲ"
ကျွန်တော် ရယ်သလိုမျိုးနှင့် မျက်နှာရှုံ့မဲ့မဲ့ဖြစ်နေ ကြောင်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိထားမိ လိုက်သည်။
"ဟို ဟို ဥစ္စာလေဗျာ"
"ဘာလဲဟ မင်းဟာက"
ကျွန်တော် အဖေ့ကို တစ်ချက်ကြည့်လိုက်ရာ အဖေနှင့် အကြည့်ချင်းဆုံသွားသည်။
"စံထွားရေ သား ဝမ်းသွားချင်နေလားမသိဘူး၊ ဝမ်းသွားချင်ရင် သွားလေသားရဲ့၊ ပိုက်လှေ မျှားလှေ တွေမှာ ဒီလိုပဲသွားကြရတာလေ"
အဖေသည် ချက်ချင်းပဲ လှေနောက်ဘက်သို့ လှည့်ပြီး ကျွန်တော့်ကို ကျောခိုင်းထားလိုက်သည်။
ပိုက်လှေမှာ ဦးဆုံးပဲ့ဆုံးအလျား ၆ လံ အရှည်ရှိ သည်။ လှေတစ်စင်းလုံး မည်သည့်အကာအကွယ်မျှမပါ။ သည်အတိုင်း ဟင်းလင်းပြင်၊ အပေါ့စွန့်၊ အလေး သွားဖို့အတွက် မည်သည့် အကာအကွယ်မှမရှိ၊ ကျွန်တော်တို့မှာ သားအဖချင်းဆိုတော့ ရှက်စရာကြီး ဖြစ်နေခဲ့ပြီ။ သုံးယောက်မှာ တစ်ယောက်ယောက်က အပေါ့စွန့်ချင်သည့် အပြုအမူမျိုးဖြစ်နေလျှင် ကျန် နှစ်ယောက်က မသိချင်ယောင်ဆောင်ပြီး တစ်ဖက်သို့ မျက်နှာလှည့်ထားကြရသည်။
ဤအချိန်တွင် ကိစ္စကြီးငယ်ပြုလုပ်မည့် သူသည် လှေကိုကျောခိုင်းပြီး တစ်လက်မခန့်သာ အထူရှိသောလှေစပ်နံ၌ ဆောင့်ကြောင့်ထိုင်လျက်ပဲ တစ်ပေအမြင့်ရှိသော ခတ်တက်စင်ကို လက်တစ်ဖက်ဖြင့်မြဲမြဲကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ပုဆိုးကို ခြုံသလို ကာသလိုလုပ်ပြီး ထားကြရသည်။ လှေဝမ်းဗိုက်ဘက်ကို ကျောခိုင်းထား၍ မျက်နှာကိုတော့ ဟိုးဝေးဝေးက မြစ်ပြင်ကျယ်ထဲရောက်နေတတ်ကြသည်။အပေါ့စွန့်ခြင်း ကိစ္စက သိပ်အခက်အခဲမရှိ။ မြစ်ပြင်ထဲ စွန့်ချလိုက်ခြင်းဖြင့် အလွယ်တကူပြီးသွားစေသည်။ ခု ကျွန်တော့်အခြေအနေက ဝမ်းသွားချင်နေသည်။
ကျွန်တော် ကြံရာမရ။ သည်အတိုင်း ပေပြီး အောင့်ခံလို့လည်းရမည့် ကိစ္စမျိုးမဟုတ်။ ကျွန်တော် အခက်ကြီးကြုံရပေပြီ။
ဆက်လက်ဖော်ပြပါမည်။