ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး

 

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၂၁  ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်  နံနက်ပိုင်းတွင် ရေကြီးရေလျှံမှု သဘာဝဘေးဒဏ် ကြုံတွေ့ခဲ့ရသည့် တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက်နယ်မြေခံ တပ်ဌာနချုပ်ဆေးခန်း၌ ဆေးကုသမှုခံယူလျက်ရှိသည့် စစ်သည်များအား သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက် အားပေး၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ပျက်စီးဆုံးရှုံးခဲ့သည့် ရပ်ကွက်၊   ကျေးရွာများသို့ သွားရောက်နိုင်ရေး  လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရန်အတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။ အချိန်ကာလအားဖြင့် အများဆုံး ၆ လတာကာလအတွင်း မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အကြီးအကဲကပြောကြားထားပြီး ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း စပါးစိုက်ခင်း၊ ပဲစိုက်ခင်း၊ နှမ်းစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ ပျက်စီးခဲ့ရာ စိုက်ပျိုးသူတောင်သူများ အနေဖြင့် ရေပြန်ကျချိန်တွင် ပြန်လည်စိုက်ပျိုးမှု ခက်ခဲမည်ဖြစ်သည်။ ထိုအခက်အခဲကိုလည်း နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် အတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့်  သဘာဝဘေး အန္တရာယ်များတွင် ယခုတစ်ကြိမ် တွေ့ကြုံရမှုသည် အကြီးမားဆုံးဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  တောင်ကျချောင်းရေနှင့် အတူ သစ်လုံးကြီးများနှင့် ဖြတ်တောက်ထားသော သစ်စများပါ အလုံးအရင်းဖြင့် စီးဆင်းခဲ့၍ ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ သဘာဝ ဘေးအန္တရာယ်ဆိုသည်မှာ ရှောင်ရှား၍မရသော်လည်း  ကြိုတင်ကာကွယ်မှု ကိစ္စရပ်များကို လုပ်ဆောင်နိုင်သကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက ကယ်ဆယ်ရေး လုပ်ငန်းများဖြင့် မူလအခြေအနေများ ပြန်ရောက်စေရန် မိမိတို့အားလုံး လုံ့လ၊ ဝီရိယများဖြင့်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပျက်စီးဆုံးရှုံးခဲ့သည့် နေရာများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင် ကယ်ဆယ်ရေး စခန်းရှိ ရေဘေးရှောင်ပြည်သူများကို အားပေးစကားပြောကြားစဉ်  ‘‘လက်ရှိအချိန်အခြေအနေမှာတော့ ဒုက္ခသုက္ခ ရောက်နေတာကိုတော့  ကိုယ်ချင်းစာပါတယ်။  စိတ်လည်းမကောင်းပါဘူး။  ကျွန်တော်တို့တတ်နိုင်သလောက် နိုင်ငံတော်ပိုင်းကလည်း လုပ်ပေးပါမယ်။ ကျွန်တော်တို့ နိုင်ငံတင်မဟုတ်ပါဘူး။ ကျွန်တော်တို့ အာရှတင်ပဲလားဆိုတော့ မဟုတ်ဘူး။ ဟိုဥရောပနိုင်ငံတွေလည်း ရေကြီးနေကြတာပဲ။ သဘာဝကြီးက ဖြစ်လာတာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် တစ်ကမ္ဘာလုံးမှာ ဖြစ်နေကြတာဖြစ်တော့ ဒီအပေါ်မှာ ကျွန်တော်တို့က ကြံ့ကြံ့ခံပြီးတော့မှ လူထုရဲ့ကြံစည်မှုနဲ့၊ လုံ့လ၊ ဝီရိယနဲ့ အားထုတ်သွားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ကျော်လွှားလို့ရမယ်ဆိုတာလေး ပြောချင်ပါတယ်။  ဒီအတွက် မလျှော့တဲ့ဇွဲလုံ့လနဲ့ ဆက်ပြီးလုပ်သွားကြဖို့လည်း  အားမွေးသွားကြဖို့လည်း ပြောလိုပါတယ်။ ဒီမှာ အားမွေးသွားကြပါ။ ပြန်ရောက်လို့ရှိရင်လည်း ထိုက်သင့်တဲ့နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်။ကျွန်တော်ပြီးပြီးရော မလွှတ်ပါဘူး။ အကုန်လုံး စီစဉ်ပေးပါမယ်’’  ဟုပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ် ဆုံးရှုံးမှုများတွင်  နိုင်ငံသားများ၏ ပိုင်ဆိုင်မှုများပါသလို   နိုင်ငံတော်ကတည် ဆောက်ထားသည့်လမ်း၊ တံတား၊ အဆောက်အအုံများ၊ စက်ရုံအလုပ်ရုံများ၊ လျှပ်စစ်ဓာတ်ပေးဝေရေး လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းတို့မှာ နိုင်ငံတော်၏ ဆုံးရှုံးမှုများဖြစ်သည်။ ကျောင်းများနှင့် ပတ်သက်၍ အကြောင်းကြောင်းကြောင့် ကျောင်းများ ပိတ်ရသည်များရှိသည့်အတွက် ကျောင်းများပြန်ဖွင့်သည်နှင့် ကလေးများကို ကျောင်းသို့ပြန် လွှတ်ပေးကြရန်ဖြစ်သည်။ ပညာတတ်မှသာ နောင်တစ်ချိန်တွင် သူတို့ဘဝအတွက် အများကြီး အထောက်အကူရမည်ဖြစ်သည်။ ယနေ့လူငယ်များသည် နောင်အနာဂတ်တွင် လက်ရှိခေတ်ထက်သာလွန်အောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် သဘာဝဘေးကြောင့် သေဆုံးခဲ့သည့်ပြည်သူ တစ်ဦးလျှင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ  ၅ သိန်းကျပ်နှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၃ သိန်းကျပ်၊ စုစုပေါင်း ၈ သိန်းကျပ်ကို ကျန်ရစ်သူ မိသားစုထံသို့ ထောက်ပံ့ပေးအပ် မည်ဖြစ်သည်။ ထို့အတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များကလည်း  သီးခြား ထပ်ဆောင်း ထောက်ပံ့ပေးမည်ဖြစ်သည်။အနှစ်ချုပ်ဆိုရသော်  ြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရေးသား လိုက်ရပေသည်။      ။