အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု

 

အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၂၂  ရက်)

    လူငယ်ဆိုသည် အနာဂတ်အတွက်  အရင်းအနှီးကောင်းများဖြစ်သည်။ အနာဂတ်နိုင်ငံတော်တွင် လူငယ်များ လမ်းမှားမရောက်ရှိစေရေးအတွက် ယနေ့ကာလတွင် လူငယ်များကို အကောင်းဆုံးပြုစု ပျိုးထောင်ပေးလျက်ရှိသည်။   ကုမုဒြာကြာပန်းသည်  လရောင်ဆမ်းမှ လန်းဆန်းသကဲ့သို့ လူငယ်တို့ဆိုသည်မှာလည်း  ကိုယ်ကျင့်တရား ကောင်းမွန်မှသာ  လှပနေပေလိမ့်မည်။  ရုပ်ရည်လှပခြင်းထက် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဟူသော စိတ်အလှကို မွေးမြူထားရမည်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့သည် လူငယ်တို့၏ အရည်အချင်းပေါ်တွင် မူတည်သည်။ ပညာတတ်သော်လည်း ကိုယ်ကျင့်တရားချို့ယွင်းသူ၊ ကိုယ်ကျင့်တရား ကောင်းမွန်သော်လည်း ပညာရေးတွင်ချို့တဲ့သူ မဖြစ်အောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။

လူငယ်ဆိုသည်မှာ သင်ယူတတ်မြောက်လွယ်သော အရွယ်ဖြစ်သည်။ ပြုပြင်ထိန်းသိမ်း နည်းလမ်းကောင်းကိုပြလျှင်  လိုက်ပါလုပ်ဆောင်တတ်သည့် အရွယ်လည်းဖြစ်သည်။ လူငယ်ဘဝတွင် ကိုယ်ကျင့်တရား ကောင်းမွန်စွာ ကျင့်ကြံနေထိုင်မှသာ လူကြီးဘဝသို့ ရောက်သည့်အချိန်တွင် လူရိုသေ၊ ရှင်ရိုသေနှင့်အများက လေးစားမှုရှိပေမည်။ လူကြီးဖြစ်လာပြီးမှ ကိုယ်ကျင့်တရား မကောင်းသူကို ကိုယ်ကျင့်တရား ကောင်းစေရန် ပြောဆိုဆုံးမလျှင်လည်း အချည်းနှီးသာဖြစ်ပေမည်။ ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို လူငယ်ဘဝကပင် သွန်သင်ထိန်းကျောင်း ပေးရမည်။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းသည် အများ၏ ယုံကြည်မှုကို ရရှိစေသည်။

လူငယ်တို့၏ ဘဝအစသည်   ကျောင်းစာသင်ခန်းများဖြစ်သည်။ စာသင်ခန်းများက(ဆရာ၊ ဆရာမများက) လူငယ်တို့၏ နှလုံးသားကို ပြုပြင်နိုင်ကြသည်။ လူကောင်းလူတော်ဖြစ်အောင် သင်ကြားပြသ ဆုံးမနိုင်ကြသလို လူဆိုးသူခိုးဖြစ်အောင်လည်း  သင်ကြားပြသ ဆုံးမနိုင်ကြသည်။ ဆိုလိုသည်မှာ ဆရာတို့၏ လက်ထဲတွင်ရှိသော လူငယ်တို့မှာ ဆရာကောင်း တပည့်ပန်းကောင်းပန်ဖြစ်အောင် သင်ပြပေးကြရမည်ဖြစ်သည်။

ဆရာဆိုသည်မှာ လူငယ်တို့၏အပြုအမူ၊  အပြောအဆို၊ အနေအထိုင်မှအစ စာကြိုးစားခြင်းအဆုံး ကြည့်ရှုသွန်သင် နေကြရမည်ဖြစ်သည်။ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆိုကာ၊ ကောင်းကျိုးလိုလားသော စိတ်ဖြင့်ဆုံးမကြရမည်မှာ ဆရာကောင်းတို့၏ စွမ်းဆောင်မှုဖြစ်သည်။

လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖဆိုသည့်အတိုင်း မိဘများမှာလည်း ဆရာများကဲ့သို့  မိမိ၏သားသမီးကို ပြောဆိုဆုံးမရမည်ဖြစ်သည်။ သားသမီးကို မဆုံးမပါက မိဘတစ်လည် ရန်သူမည်၏ဆိုသည့်အတိုင်း မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ် ပြုမူကြရပေမည်။ လူငယ်တိုင်းသည် ဘာသာရေးအဆုံးအမအတိုင်း ငါးပါးသီလဖြစ်သော သူ့အသက်ကိုသတ်ခြင်း၊ သူ့ပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကို ပြစ်မှားခြင်း၊  လိမ်လည်ပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စသည်တို့ကို လုံခြုံစွာ စောင့်ထိန်းပြီး မကောင်းမှုမပြုမိအောင် ရှောင်ကြဉ်ကြရပေမည်။

ခေတ်အဆက်ဆက် ရေးသားဆုံးမခဲ့ကြသော ရဟန်းပညာရှိ၊ လူပညာရှိများ၏ အဆုံးအမများ၊ ကဗျာ၊ လင်္ကာများသည်လည်း လူငယ်တို့၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေသည်။ ဥပမာဆိုရသော် ရှင်မဟာသီလဝံသ၏ တိလောကဆုံးမစာတွင် ‘‘ရိုင်းစိုင်းနီးကပ်၊ မကိုင်း ညွှတ်ဘဲ၊ မတ်တတ်ထိုး၍မသွားနှင့်’’ဟူ၍လည်းကောင်း၊  ‘‘ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင့် ကြောင့်နှင့်၊ ပေါင်ထောင်လက်ကား၊ အပါးကျပ်ကျပ် မနေအပ်’’ဟူသောအကြောင်းအရာမျိုးမှာ ကိုယ်ကျင့်တရား ကောင်းမွန်စွာ နေထိုင်ပြောဆိုရန် ဆုံးမထားခြင်းဖြစ်သည်။ လူငယ်များအနေဖြင့် ဤသို့တန်ဖိုးရှိသော စာပေများကို ဖတ်ရှုလိုက်နာ ကျင့်သုံးရပေမည်။

လူငယ်များအနေဖြင့် ကိုယ်အမူအရာ ရိုင်းစိုင်းခြင်း၊ နှုတ်ထွက်စကားကြမ်းတမ်းခြင်းများ ရှိနေပါက  ‘‘အမိယုတ် နှုတ်ကြမ်း’’ဟူ၍ မိမိတို့၏မိခင်ကို ထိခိုက်ပေလိမ့်မည်။  ထိုသို့မဖြစ်စေဘဲ ပြောသမျှစကားတိုင်းမှာ ပျားသကာကဲ့သို့ ချိုမြိန်ခြင်း၊ လုပ်ဆောင်သမျှတိုင်းမှာ အများအကျိုးရှိစေပါက ‘‘လူလိမ္မာသား ယဉ်ပါး’’  ဟူ၍ လူအများကချီးမွမ်းကြပေမည်။ စိတ်နှလုံး စောင့်ထိန်းခြင်းသည် ကိုယ်ကျင့်တရား ကောင်းမွန်ရေးအတွက် အဓိကလက္ခဏာ တစ်ရပ်ဖြစ်သည်။ စိတ်သည် မကောင်းမှုတွင်မွေ့လျော်သည့် သဘောရှိသည့်အတွက် စိတ်ကိုထိန်းနိုင်ရန် လိုအပ်သည်။

အချို့သောလူငယ်များမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အရက်၊ ကွမ်းယာ၊ ဆေးလိပ်မှသည် မူးယစ်ဆေးဝါးအထိ သုံးစွဲမှုပြုလာသောအခါ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမပြုသည့် အသုံးမဝင်သူများအဖြစ် အများက ဖယ်ကြဉ်ခြင်းကိုခံရမည့်အပြင် လူ့ဘဝတွင်သက်တမ်းစေ့မနေရဘဲ စောစီးစွာကျောခိုင်း ထွက်ခွာသွားကြရသည်။ မိဘများအတွက်  ယူကျုံးမရဖြစ်ရသလို နိုင်ငံတော်အတွက်လည်း လူသားအရင်းအမြစ် ဆုံးရှုံးခြင်းဖြစ်သည်။ ‘‘ဟုတ်သောအကြံ၊ မှန်သောအကျင့်၊  သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ’’ဟူသော ရှင်မဟာရဋ္ဌသာရ၏ဆုံးမစာသည် လူငယ်တိုင်း သင်ကြားခဲ့ရသော ဆုံးမစာဖြစ်သည်။ ကိုယ်အမူအရာ၊ စိတ်ထားတို့အပြင်  အတွေးအခေါ်အကြံအစည်တို့ မှန်ကန်ရမည်ဖြစ်ပေသည်။ အနှစ်ချုပ်ဆိုရသော် အနာဂတ်နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှု သဖွယ်ဖြစ်သော လူငယ်များ အားလုံးသည် ဗလငါးတန်နှင့်ပြည့်ဝပြီး နိုင်ငံတော်က အားကိုးရသည့် လူငယ်များဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။   ။