နိုင်ငံခြားငွေဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ AD လိုင်စင်ရဘဏ်များ၊ UMFCCI မှ တာဝန်ရှိသူများ ဆွေးနွေးပွဲကျင်းပ
နေပြည်တော် မေ ၁၈
နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေကြေးပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ်စနစ် အသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ အတွင်းရေးမှူးနှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန် မူဝါဒများ ချမှတ်၍ ထိန်းကျောင်းလျက်ရှိကြောင်း၊ Online Trading Platform သည် တရားဝင်နိုင်ငံခြားငွေရောင်းချ ဝယ်ယူသည့်တရားဝင် ဈေးကွက်ဖြစ်ကြောင်း၊ ဘဏ်များ မှတစ်ဆင့် ဝယ်လိုသူ/ရောင်းချလိုသူတို့သည် ၎င်းတို့ ရောင်းချ/ဝယ်ယူလိုသည့် Rate ကို နေ့စဉ်တင်ပြပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချသည့် တရားဝင် Foreign Exchange Market ဖြစ်ကြောင်း၊ အများပြည်သူ သိရှိစေရန်အတွက်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် Facebook Page နှင့် ဗဟိုဘဏ် Website ၌ ကြေညာပေးလျက် ရှိကြောင်း၊ တရားမဝင်ဈေးကွက်များ(Online, Facebook)တို့တွင် ရောင်းချနေမှုများကို အရေးယူလျက်ရှိပြီး တရားမဝင်ဈေးကွက်တွင် ရောင်းချမှုများကြောင့် ဆုံးရှုံးမှုများကိုလည်း တွေ့မြင်ရကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ရောင်းချနေသည့် ဈေးကွက်ကိုသာလျှင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ယုံကြည်မှုရှိမည်ဖြစ်ကြောင်း။
တရားမဝင်ငွေလွှဲ ဟွန်ဒီများဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာကစောင့်ကြည့်နေပြီး ဗဟိုဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း အရေးယူ ခံရနိုင်မှုများရှိကြောင်း၊ Online Trading Platform မှတစ်ဆင့် ဈေးကွက်ဝယ်လိုအား/ရောင်းလိုအားအပေါ်မူတည်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလိုအပ်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်ရောင်းချပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဈေးကွက်၌ ပါဝင်သူများအားလုံး (အစိုးရ/ပုဂ္ဂလိကကဏ္ဍ)မှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်စွာ ရောင်းချသည့် နိုင်ငံခြားငွေဈေးကွက်ဖော်ဆောင်ရာတွင် အဟန့်အတားများကို အထူးသဖြင့် ကောလာဟလများကြောင့် ဈေးကစားသူများကို ထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ သို့မှသာ လွတ်လပ်စွာ ရောင်းဝယ်နိုင်သည့်ဈေးကွက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေပေးချေမှုများဆောင်ရွက်ရာတွင် တရားဝင်ဘဏ်စနစ်မှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပို့ကုန်ရငွေများကို သတ်မှတ်ကာလ အတွင်း ပြန်လည်ဝင်ရောက်ရေးအတွက် ပူးပေါင်းကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ AD လိုင်စင်ရဘဏ်များအနေဖြင့် Online Trading Platform ၌ နိုင်ငံခြားငွေများ ဝယ်ယူဆောင်ရွက်ပေးရာတွင် Beneficiary Owner သို့သာ ရောက်ရှိရန် လိုအပ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၌လည်း သွင်းကုန်လိုင်စင်များ ချပေးရာတွင် ဘဏ်စနစ်မှသွားရန် လိုအပ်ကြောင်း၊ နိုင်ငံခြားငွေများ ရောင်းဝယ်ရာ၌ Online Market Rate အတိုင်း ဝယ်/ရောင်းရန် လိုအပ်ကြောင်း၊ အဆိုပါ အချက်အလက်များကို ကုန်ဈေးနှုန်း ထိန်းကျောင်းရန် ဆက်စပ်ကော်မတီများသို့လည်း သတင်းပို့ထားပြီး ဖြစ်ပါကြောင်း။
AD လိုင်စင်ရ ဘဏ်များအနေဖြင့် ဗဟိုဘဏ်မှချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Onsite စစ်ဆေးပေါ်ပေါက်ပါက သက်ဆိုင်ရာဥပဒေများအရ စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ငွေလဲလှယ်နှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသော ရွှေနှင့်နိုင်ငံခြားငွေဈေး ကစားနေသူများကို ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ စိစစ်အရေးယူလျက်ရှိကြောင်း၊ ငွေသားအမြောက်အမြား ထုတ်ယူ
နေခြင်းများနှင့်စပ်လျဉ်း၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် သွားရောက်မှသာ လိုအပ်သည့် ကြီးကြပ်စစ်ဆေးမှုများနှင့် AML/ CFT ဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာမူဝါဒများ ချမှတ် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ UMFCCI မှ အတွင်းရေးမှူးက သိလိုသည်များနှင့် အကြံပြုချက်များကို လည်းကောင်း ဆွေးနွေးပြီး AD လိုင်စင်ရဘဏ်များကလည်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။