အာရှဒေသဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း(AACC)၏ (၆)ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

အာရှဒေသဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း(AACC)၏ (၆)ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်  စက်တင်ဘာ  ၂၂

    ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ   ဦးအောင်ဇော်သိန်း   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့၌ “The Constitutional Courts and Equivalent Institutions in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် အာရှဒေသဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း  (Association  of Asian Constitutional Courts and Equivalent Institutions- AACC)၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

AACC အသင်းကြီး၏ (၆)ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်း အဝေးသို့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ   တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများမှ   ဥက္ကဋ္ဌများ၊  တရားသူကြီးချုပ်များ၊ ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာလ ၁၈ ရက်က ညီလာခံဖွင့်ပွဲအခမ်းအနားနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို ကျင်းပ၍   အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး သုံးရုံးမှ ၎င်းတို့၏ ဆောင်ရွက်မှု အစီရင်ခံစာများကို တင်ပြခဲ့ကြပြီး  AACC အသင်းကြီးဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ညီလာခံအပြီးတွင် ထုတ်ပြန်မည့် ဘန်ကောက်ကြေညာစာတမ်း (The Bangkok Declaration) တို့အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

စက်တင်ဘာလ ၁၉ ရက်က ညီလာခံကို ဆက်လက် ကျင်းပခဲ့ရာ ခုံရုံးဥက္ကဋ္ဌက “The Role of the Constitutional Courts and Equivalent Institutions in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေစနစ် ဖွံ့ဖြိုးတိုးတက်လာမှုများ အကြောင်း၊    ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုထိန်းသိမ်း ကာကွယ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ အရေး ပါပုံ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ စီရင်ပိုင်ခွင့်များ အကြောင်းနှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားစီရင်မှု အစရှိသည်တို့နှင့် စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးခဲ့ပြီး ညီလာခံသို့ တက်ရောက်လာကြသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် ဥပဒေပညာရှင်များကလည်း ၎င်းတို့နိုင်ငံအလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့် စပ်လျဉ်းသည့် အသိအမြင်၊ အတွေ့အကြုံ၊  ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၂၁ ရက် ညပိုင်းက  လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။