နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးမှု အခြေအနေများ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးမှု အခြေအနေများ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်     စက်တင်ဘာ    ၂၂

    ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း သဘာဝဘေးကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများယာယီပြင်ဆင် ပြီးစီးမှုအခြေအနေ၊ လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားမှု    အခြေအနေနှင့် မူလအခြေအနေအတိုင်း  အခိုင်အမာပြန်လည်တည်ဆောက်မည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ်းကပ်ခုံ ရေတိုက်စား၍ ပျက်စီးသွားသော  မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာလမ်းပေါ်ရှိ  တံတားအမှတ်(၅/၁၆) ပေါင်းလောင်းတံတား၌  အရှည်ပေ ၈၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတား ထိုးခြင်းဆောင်ရွက်ပြီးစီး၍   ယာဉ်များ ဖြတ်သန်းသွားလာမှုနှင့် တံတား၏ကြံ့ခိုင်မှု အခြေအနေကို လည်းကောင်း၊လမ်းပိုင်းရှိ Box Culvert နှင့် လမ်းသားပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

အဆိုပါလမ်းပိုင်းတွင် ပျက်စီးခဲ့သော တံတားအမှတ်(၂/၂၀)၏ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းနေရာတွင် အရှည်ပေ ၈၀၊ ယာဉ်သွားလမ်းအကျယ်  ၁၄ ပေ၊ နှစ်လွှာတစ်ထပ်   ယာယီဘေလီ တံတားထိုးခြင်း ဆောင်ရွက်ပြီးစီး၍   ယာဉ်များဖြတ်သန်းသွားလာ အသုံးပြုနေပြီဖြစ်သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်း တံတား(သိုက်ချောင်း)နေရာတွင် ယာဉ်သွားလာမှု ပိုမိုအဆင်ပြေ လွယ်ကူစေရေးအတွက် အရှည်ပေ ၁၃၀၊  ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ နှစ်လွှာတစ်ထပ် ဘေလီသံပေါင်တံတားနှစ်စင်း  ယာယီထိုးပေးပြီး အသွားလမ်း၊ အပြန်လမ်း အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပြီး ယာဉ်များစနစ်တကျ ဖြတ်သန်း သွားလာခွင့်ပြုထားသည့် အခြေအနေနှင့် တံတား Pier တိုင်နိမ့်ကျသွားခြင်းကို    အခိုင်အမာပြုပြင်ဆောင်ရွက်မည့်အခြေအနေများကို  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏   ရှင်းလင်းတင်ပြချက်များအပေါ်     လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆင်သေချောင်းတံတား(ပုပ္ပါးကုန်း)၌ အရှည်ပေ ၇၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ၊ တစ်လွှာတစ်ထပ် ဘေလီတံတားထိုးခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိမှုနှင့် ပျက်စီးသွားသော ချဉ်းကပ်လမ်းနေရာတွင်    လမ်းသားပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ်(၂၄၅/၇)ရှိ  နဝင်းချောင်းတံတား (အဆုံတံတား)သို့ သွားရောက်ပြီး ချောင်းရေတိုက်စား ပျက်စီးသွားသည့်  တံတားချဉ်းကပ်လမ်းနေရာ၌ တန် ၄၀ ခံနိုင်ဝန်ရှိသော အရှည်ပေ ၁၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သုံးလွှာတစ်ထပ်  ဘေလီတံတားထိုးခြင်း လုပ်ငန်းများ   ဆောင်ရွက်ပြီးစီးသဖြင့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်များ သတ်မှတ်ချက်အတိုင်း စနစ်တကျဖြတ်သန်း သွားလာမှု၊  တံတားကြံ့ခိုင်မှု၊   တံတား၏  Up  Stream  နှင့် Down Stream တို့တွင် ရေလမ်းကြောင်း ရှင်းလင်းဆောင်ရွက် ထားရှိမှု အခြေအနေနှင့်   အမြဲတမ်းတံတားအဖြစ် တည်ဆောက်မည့် လျာထားစီမံချက်များကို   လိုက်လံကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းတင်ပြချက်များအပေါ်   ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

အဆိုပါ   နဝင်းချောင်းတံတားသည် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်ရှိပြီး     ခရီးသည်တင်မော်တော်ယာဉ်များ၊    ကုန်စည် ပို့ဆောင်သည့်မော်တော်ယာဉ်များ ဖြတ်သန်း သွားလာရာတွင် တန် ၄၀ ခံနိုင်ဝန်မှ တန် ၅၀ ခံနိုင်ဝန်အထိ ဖြတ်သန်း ခွင့်ပြုနိုင်ရေးအတွက် ထောက်ကူ ပြင်ဆင်ဆောင်ရွက်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း၊တံတားများ ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါအများပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေလျက်ရှိပြီး ကုန်စည်များလည်း အဆက်မပြတ်ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း၊ ယာယီပြင်ဆင်ပြီးစီးခဲ့သည့် လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုကို       နေ့ညမပြတ် စောင့်ကြည့်ကြပ်မတ်လျက် ရှိကြောင်းနှင့် မူလအခြေအနေအတိုင်း ဖြစ်စေရေးအတွက်   အခိုင်အမာပြင်ဆင်နိုင်ရေး   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Dates: 
Monday, September 23, 2024 - 07:40