ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြန်မာနိုင်ငံတော် သီချင်း သီဆိုယှဉ်ပြိုင်ပွဲ ကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ဒဂုံသီရိခန်းမ၌ မြန်မာနိုင်ငံတော်သီချင်း သီဆိုယှဉ်ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ကျောက်တံတားခရိုင် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ Grade - 9 မှကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာ တေးသီချင်းဖြင့် ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ယင်းနောက် မြန်မာနိုင်ငံတော်သီချင်းကို အခြေခံပညာမူလတန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်၊ အခြေခံပညာအထက်တန်းအဆင့်တို့မှ ကျောင်းသား၊ ကျောင်းသူများက အဖွဲ့လိုက် သီဆိုယှဉ်ပြိုင်ကြရာ ယဉ်ကျေးမှုတက္ကသိုလ်မှ ပညာရှင်များက အကဲဖြတ်ဒိုင်လူကြီးများ အဖြစ် ဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့် အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေအားလည်းကောင်း၊ ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးကြသည့် ပညာရှင်များအား ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လည်းကောင်း ပါဝင်တီးခတ်ပေးကြသည့် တေးဂီတအဖွဲ့ကို ကျောင်းအုပ်ဆရာမကြီးက လည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။