ကလောမြို့ပေါ်ရှိ မီးသုံးသူ ၈၅ ရာခိုင်နှုန်းကို ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်
နေပြည်တော် စက်တင်ဘာ ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၌ ရေကြီးရေလျှံမှုများကြောင့် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ယာယီဓာတ်အား ဖြတ်တောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့၌ ရေကြီးရေလျှံမှုများကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် မဟာဓာတ်အားလိုင်းများအား ဌာနမှ အင်ဂျင်နီယာများ ဦးဆောင်ကာ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်သို့ ရောက်ရှိရာ နမ့်ပန်တက်ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများ ရေတိုက်စားပြီး ယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုဖြစ်စဉ်အား သင်ခန်းစာယူ၍ နောင်သဘာဝဘေးများ ဖြစ်ပေါ်လာခဲ့ပါက ဓာတ်အားလိုင်းများ မပျက်စီးနိုင်ရေး လိုင်းအူကြောင်းများ ရှာဖွေရွှေ့ပြောင်း တည်ဆောက်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများအား စနစ်တကျမှတ်တမ်း ရေးသွင်းထားရှိရန်နှင့် ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများအား စနစ်တကျ ပြန်လည်တပ်ဆင် အသုံးပြုသွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားကာ လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဌာနမှဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့အတူ ဒုတိယဝန်ကြီးသည် ကလောမြို့ပေါ် ရပ်ကွက်များသို့ ရေဝင်ရောက်၍ ယာယီဓာတ်အား ဖြတ်တောက်ထားရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးခဲ့မှုနှင့် ပြန်လည်အစားထိုး ပြုပြင်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ကလောမြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ၃၃ ကေဗွီ ရေပေါင်းစုံ-ပြည်ညောင်-နမ့်ပန်တက် ဓာတ်အားလိုင်း ၅ မိုင်ခန့် ၊ ၁၁ ကေဗွီလိုင်း ၁ ဒသမ ၃ မိုင်ခန့်၊ ၄၀၀ ဗို့ဓာတ်အားလိုင်း သုည ဒသမ ၈၅ မိုင်ခန့် ယိုင်လဲပျက်စီးခဲ့ပြီး ၁၁/၀ ဒသမ ၄ကေဗွီ ထရန်စဖော်မာ ၁၀ လုံးခန့်နှင့် ၄၀၀ ဗို့ Panel ခုနစ်လုံးခန့် ရေနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့၍ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ဌာနမှကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၁ ရက်မှ စ၍ ကလောမြို့ပေါ်ရှိ မီးသုံးသူ ၈၅ ရာခိုင်နှုန်းကို ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။