ယခုဘဏ္ဍာနှစ် ငါးလတာ ကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂၆၀၀ ကျော်တင်ပို့နိုင်
ရန်ကုန် စက်တင်ဘာ ၂၂
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂၆၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
"ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပကို ပုစွန်မက်ထရစ်တန် ၂၆၀၅ ဒသမ ၉၂၇ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၈၁ သန်းရရှိခဲ့ပါတယ်" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၂၁၄၁ ဒသမ ၃၈၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၅ သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၄၆၄ ဒသမ ၅၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၂၆ သန်းရရှိသဖြင့် စုစုပေါင်း ပုစွန်မက်ထရစ်တန် ၂၆၀၅ ဒသမ ၉၂၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၈၁ သန်း ရရှိခဲ့သည်။
ပြည်တွင်းမှထွက်ရှိသည့် ငါး၊ ပုစွန် စသည့် ရေထွက်ကုန်များကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့လျက် ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင်နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့ကြောင်း သိရသည်။