ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ် စံဖူးကျေးရွာ အုပ်စုရှိ ရေဘေးသင့်ပြည်သူများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ် စံဖူးကျေးရွာ အုပ်စုရှိ ရေဘေးသင့်ပြည်သူများနှင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

 

ဟိုပုံး     စက်တင်ဘာ     ၂၃

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။

ဦးစွာ  ဟိုပုံးမြို့  နောင်တောင်းပရဟိတတပ်ဦး ကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တရာဇိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြကာ ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံ အုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ရေဘေးသင့်ပြည်သူ များကို အားပေးစကား ပြောကြားရာ နေရပ်ဒေသအသီးသီး၌  အမြန်ဆုံးပြန်လည် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရေဘေးသင့်ပြည်သူ များကို အားပေးစကား ပြောကြားသည်။ ဆက်လက်၍ မဲနယ်တောင် ဒေသ၊ ထီတခူး-နောင်ဒေးအုပ်စု၊ လွယ်မောဒေသ၊ လွိုင်လင် မြို့နယ် ခေါင်းနွဲ့-အင်းတော်ဒေသအတွက် ငွေကျပ် သိန်း ၁၅၀ စီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် တို့က ပေးအပ်လှူဒါန်းရာ ဟိုပုံးမြို့နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တရာဇိန္ဒနှင့်  ရေဘေးသင့်ပြည်သူများက လည်းကောင်း၊ ဦးဇော်ဝင်း+ဒေါ်နွေးနွေးဝင်း မိသား စု၏ အလှူငွေကျပ်သိန်း ၃၀ ကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ် ကြီးက ပေးအပ်လှူဒါန်းပေးရာ  ဆရာတော် လည်းကောင်း လက်ခံရယူကြသည်။

ထို့နောက် ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး စံဖူးဘုန်းကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုတွင်  စက်တင်ဘာလ ၁၁  ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ၃၀ ၊ အိမ်ခြေ ၁၀၉၂ ၊ အိမ်ထောင်စု ၁၀၉၅ ၊ လူဦးရေ ၄၄၉၇ ဦး ရှိသည့်အနက် နေအိမ်ပျက်စီးမှု တစ်ရာရာခိုင်နှုန်း ၂၆၁ အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး  ၃၃၆ အိမ်၊ လူသေဆုံး ၂၆ ဦးဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများသည် ဟန်လွဲဘုန်းတော်ကြီးကျောင်းတွင် ကုန်းကျိုင်းကျေးရွာ အုပ်စုရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပြီး  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အားပေးစကား ပြောကြားကြကာ   ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၁၅၀ နှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNOပါတီ အထွေထွေ အတွင်းရေးမှူး ဦးခွန်သိန်းဖေက ငွေကျပ် သိန်း ၅၀  ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ ဦးခွန်ရဲထွေး နှင့် ရေဘေးသင့်ပြည်သူများက  လက်ခံရယူကြ၍  ကလေးသူငယ်များကို စားစရာမုန့်များဝေငှပေးပြီး ရေကြီးမှုဖြစ်ပွားခဲ့သည့် နမ့်တဘက်ချောင်းအား ကြည့်ရှုကြ သည်။

 သဘာဝဘေးဒဏ်ကြောင့် ပုံးအင်းဒေသ ကုန်းကျိုင်းကျေးရွာအုပ်စုတွင် အိမ်ခြေ၆၈၄ အိမ်၊ အိမ်ထောင်စု ၆၉၁ စု၊ လူဦးရေ၃၆၁၇ ဦးရှိသည့်အနက် ဘေးသင့်ကျေးရွာငါးရွာ၊ အိမ်ခြေ ၁၄၀ ၊ အိမ်ထောင်စု ၁၄၀၊ လူဦးရေ ၅၇၀၊ နေအိမ်ပျက်စီးတစ်ရာရာခိုင်နှုန်း ၂၃ အိမ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီး ၃၄ အိမ်ဖြစ်ကြောင်း သိရသည်။