နိုင်ငံ၏ဝန်ကို တစ်စိတ်တစ်ပိုင်း တာဝန်ယူကြသူများ
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်)
ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို နေပြည်တော် မြို့တော်ခန်းမ၌ စက်တင်ဘာလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ ဤသတင်းမှာ လွန်စွာဝမ်းသာကြည်နူးဖွယ် ကောင်းသည့်သတင်းဖြစ်သည်။
ရေဘေးသင့်ပြည်သူများ၏ အနာဂတ်လှပရေးအတွက် စေတနာရှင်ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင် လှူဒါန်းခြင်းဖြစ်သည်။ လှူဒါန်းသည့်ငွေသား အနေဖြင့် အလှူငွေကျပ်သန်းပေါင်း ၃၂၂၃၀(ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ)ကျော်ဖြစ်သည့်အတွက် လှူဒါန်းမှုပမာဏ ကြီးမားလှသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ‘‘ ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်တာလည်း ဖြစ်ပါတယ်၊ ကျွန်တော်မှတ်ထားပါမယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ မှတ်ထားပါမယ်၊ ကျွန်တော်တကယ် မျှော်လင့်တုန်းက သုံးလေးဘီလီယံလောက်ပဲ မျှော်လင့်ပါတယ်၊ ထပ်လောင်းပြောရလို့ရှိရင် သဒ္ဓါတရားထက်သန်စွာနဲ့ ဒီနေ့ငွေတွေလာလှူပေးကြတဲ့ အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြီးပြောပါရစေ၊ နောင်မှာလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ ရှိလာတဲ့အခါမှာလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ အတွက်လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်’’ ဟူ၍ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ စည်းလုံးညီညွတ်မှု ရှိနေသရွေ့ နိုင်ငံနှင့်လူမျိုးအပေါ် ကျရောက်မည့် မည်သည့်ဘေးအန္တရာယ်မဆို ကျော်လွှားနိုင်မည်ဖြစ်သည်။ ယခုအခါတွင် ရေဘေးသင့်ပြည်သူများ၏ အနာဂတ်လှပရေး အတွက် စုပေါင်းအားနှင့် ကျော်လွှားကြရမည် ဖြစ်သည်။လှူဒါန်းမှုမှာ များပြားသည့်အတွက် ပြည်သူများအနေဖြင့်လည်း ဝမ်းသာကြည်နူးနေမည်သာ ဖြစ်သည်။
နိုင်ငံ၏ဝန်တစ်ခုကို စေတနာရှင်၊ အလှူရှင်များက တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်ခြင်းဖြစ်သည်။
သဒ္ဓါတရား ထက်သန်စွာနှင့် ငွေများလာရောက်လှူပေးကြသူ အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအားလုံး၏ စေတနာမှာ မွန်မြတ်လှသည်။
ယခုအချိန်သည် အားလုံးအတွက် အခက်အခဲများကိုယ်စီ ဖြစ်ပေါ်လျက်ရှိသည့် အချိန်ဖြစ်သော်လည်း အလှူငွေများ များစွာထည့်ဝင်ခဲ့ကြသည်။ ရေဘေးသင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေသည်။ မြန်မာလူမျိုးများ၏ လှူချင်၊ တန်းချင်သည့်စိတ်များကြောင့် စေတနာသဒ္ဓါ ထက်သန်စွာဖြင့် လှူဒါန်းကြခြင်းဖြစ်သည်။ ရေဘေးသင့်ပြည်သူများမှာ ရေများရုတ်တရက် စီးဆင်းလာချိန်တွင် ရရာပစ္စည်းများကိုသာ ယူဆောင်လာရသဖြင့် အခက်အခဲများစွာ ရှိနေကြသူများဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီ ကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃ဝ သုံးစွဲရန်လျာထားပြီး စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများကိုလည်း ထည့်သွင်း အသုံးပြုမည်ဖြစ်သည်။
သဘာဝဘေးဒဏ် ဆိုသည်မှာဖြစ်ပွားပြီးပါက အမြန်ဆုံးပြန်လည် ထူထောင်မှုပြုရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ အပါအဝင် နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေး ဒဏ်များဖြစ်ပေါ်ခဲ့သည့် နေရာများသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင်လည်း မိုးသည်း ထန်စွာရွာသွန်းခဲ့သည်။ သို့သော်ရေဝင်ရေထွက် ကောင်းမွန်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ခြင်း၊ ရေထုတ်စနစ်များ ဖော်ဆောင်ပေးခြင်းများကို ကြိုတင် ဆောင်ရွက်ထားသည့်အတွက် ထိခိုက်ပျက်စီးမှု နည်းပါးခဲ့သည်။
ယခုရေကြီးရေလျှံဖြစ်ပွားမှုမှာ နှစ်ပေါင်း ၅ဝ အတွင်း မကြုံဖူးသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယခုဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လေပြင်း တိုက်ခတ်မှုမရှိခဲ့ပေ။ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် အမှိုက်များကို စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းကြောင့် ရေစီးရေလာများကို ထိခိုက်စေခဲ့ပြီး ရေကြီးရေလျှံမှုများကိုဖြစ်ပေါ်စေနိုင်သည်။
တစ်ဦးချင်းစီက စည်းကမ်းတကျရှိနေပါက ထိခိုက်ပျက်စီးမှုများ နည်းနိုင်မည်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်ကြောင့် ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများမှာ အခက်အခဲများစွာကြုံတွေ့ရသည်။ သို့သော် မြန်မာနိုင်ငံသည် သဒ္ဓါတရားထက်သန်ကာ သူတစ်ပါးကို အကူအညီပေးချင်သည့် စိတ်ထားရှိသူများ နေထိုင်သည့်နိုင်ငံဖြစ်သည့်အတွက် လာရောက်ကူညီ ကယ်ဆယ်လှူဒါန်းမှုများပြားခဲ့သည်။ အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းနှင့် ငွေကြေးများ လာရောက်လှူဒါန်းလျက် ရှိသည်ကို နေ့စဉ်တွေ့မြင်နေကြရသည်။ ဤကဲ့သို့ နိုင်ငံတော်ဝန်ကို ကိုယ်တတ်နိုင်သည့်ဘက်မှ ပါဝင်ထမ်းရွက်နေသော တာဝန်သိပြည်သူများကို ကြိုဆိုဂုဏ်ပြုပါကြောင်း ရေးသား လိုက်ရပေသည်။ ။