လူငယ်များနှင့် မှန်ကန်သောရွေးချယ်မှု
လူငယ်တို့၏ဘဝတွင် ရွေးချယ်စရာလမ်းကောင်းများရှိသလို လမ်းဆိုးများလည်းရှိသည်။ လမ်းကောင်း ဆိုသည်မှာ လူငယ်များအတွက်တက်လမ်းဖြစ်ပြီး လမ်းဆိုးသည် ဘဝ၏နိဂုံးချုပ်ခန်းဖြစ်သည်။ မိမိတို့၏ ဘဝတက်လမ်းကို အပြုသဘောဆောင်ကာ ရှာဖွေလျှောက်လှမ်းနေသော လူငယ်များသည် နိုင်ငံအတွက် သားကောင်းသမီးမွန်များ ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားပြုရမည့် လူငယ်မောင်မယ်များဖြစ်သည်။
အချို့သောလူငယ်များကား ဘဝကိုအပျော်သဘောထားကာ စိတ်ပျော်ရွှင်မှုကို ဦးစားပေးလိုက်စားကြသည်။ အနာဂတ်ဆိုသည်ကို ထည့်သွင်းတွေးတောခြင်းမရှိကြပေ။ အပျော်ရှာသူလူငယ်များကို ဦးတည်ပြီး ဈေးကွက်ရှာဖွေထုတ်လုပ်သည့် ဖျော်ဖြေရေးပစ္စည်းများ၊ ဖျော်ဖြေရေးပုံစံများ အလွန်များပြားသည်။ စီးပွား ရေးသမားတို့၏ ဈေးကွက်တစ်မျိုးဖြစ်သည်။ အဆိုပါအထဲတွင် စိတ်ကြွရူးသွပ်ဆေးများ၏ အခန်းကဏ္ဍက တော်တော်များများ နေရာယူလာသည်။ စိတ်ကြွရူးသွပ်ဆေးဖြန့်ဖြူးသူများကလည်း လူငယ်များလာတတ်သည့် ဘား၊ ကလပ်၊ ကာရာအိုကေ အစရှိသည့်ဖျော်ဖြေရေးနေရာများကို ဦးတည်ပစ်မှတ်ထားကြသည်။
လူငယ်အများစုအနေဖြင့် ကေ(K)၊ အီး(E)၊ Happy Water အစရှိသည့် အမည်များကို စိတ်ကြွရူးသွပ်ဆေး မူးယစ်ဆေးအနွယ်များဟုပင် မသိကြဘဲသုံးစွဲမိကြသည်။
K ဆိုသည်မှာ Ketamine မေ့ဆေးဖြစ်သည်။ Ketamine ဖြင့် မေ့ဆေးပေးသည့်အခါ ကယောင်ကတမ်းဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်တတ်သည်။ အဆိုပါမေ့ဆေးမှာ အရောင်မရှိ၊ အရသာမရှိသည့် ဆေးရည်ပုံစံဖြင့် လာတတ်သည်။ အရည်ဖြစ်စေ၊ အမှုန့်ဖြစ်စေ Ketamine ကို အချိုရည်၊ ယမကာစသည်တို့ နှင့်ရောစပ်ပြီး သောက်သုံးကြသည်။ အချို့ဆေးခြောက်နှင့်ရောပြီး ဆေးလိပ်လိပ်သောက်ကြသည်။ ဆေးရွက်ကြီးနှင့် ရောစပ်သောက်သုံးခြင်းမျိုးလည်းရှိသည်။ Ecstasy နှင့်ရောစပ်ထားသည့် Ketamine အဖြူရောင် အမှုန့်လေးတွေကို ဖန်သားပေါ်တင်ပြီး တစ်ကြိမ်တည်းရှူကြတာမျိုးလည်း ရှိသည်။ အရည်ပုံစံ နှင့်လာသည့် Ketamine ကိုအသားဆေးအဖြစ်ထိုးနှံကြတာလည်းရှိသည်။
အဆိုပါစိတ်ကြွရူးသွပ်ဆေးအများစုက ဘိန်းပင်ကဲ့သို့ စိုက်ခင်းဖြင့် စိုက်ပျိုးကြရသည် မဟုတ်ပါ။ ဓာတုဆေးဝါးများသာဖြစ်ပြီး အလိုရှိသလောက်ဝန်ကျဉ်းကျဉ်းဖြင့် ဆေးပြားရိုက်ထုတ်ကြခြင်း ဖြစ်သည့် အတွက် ဘိန်းဖြူထက်ဈေးပိုသက်သာပြီး တစ်ဖက်ကလည်း အမြတ်အစွန်းကြီးကြီးမားမားရသည့်လုပ်ငန်း ဖြစ်သည်။ E ဟုအတိုကောက်ခေါ်နေသည့် Ecstasy သည် ဓာတုနည်းဖြင့် ဖော်စပ်ထားသည့် ဆေးဝါးဖြစ်သည်။ ဓာတုဖွဲ့စည်းပုံအရ MDMA ဟုလည်း အတိုကောက်ခေါ်ကြသည်။ အဆိုပါဆေးမှာ အချို့သော နိုင်ငံများတွင် တရားဝင် သုံးစွဲခွင့်ပြုထားသည်။ ထိခိုက်ဒဏ်ရာများ၊ အလွန်စိတ်ဖိစီးရောဂါ (PTSD) မှာ အသုံးပြုကုသရန် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
သို့သော် Ecstasy ဆေးကို ဆေးခြောက်ကဲ့သို့ စိတ်ကြွရူးသွပ်ဖို့အတွက် တရားမဝင်အသုံးပြုမှုက ပိုမိုများပြားလာသည်။ တကယ်တော့ Ecstasy သည် အဖက်တမင်းအုပ်စုအနွယ်ဝင် စိတ်ကြွရူးသွပ်ဆေး တစ်မျိုးဖြစ်သည်။ သုံးစွဲလိုက်သည့်အခါ နှလုံးခုန်နှုန်းမြန်လာသည်။ သွေးဖိအားတက်လာသည်။ ကိုယ်ခန္ဓာက အပူဓာတ်များ ထွက်လာသည်။ ထိုသို့အပူလွန်နေသည့် ကြားထဲက ကလပ်ထဲမှာ လုံးဝရပ်နားခြင်း မရှိဘဲ ကခုန်နေသည့်အတွက် အပူများထပ်ထွက်လာသည်။ ထိုအခါ ကိုယ်ခန္ဓာအပူဓာတ်လွန်ကဲပြီး အသက်ဆုံးရှုံး နိုင်သည်။ Ecstasy က ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်များကိုလည်း ဆွဲယူထားတတ်သည်။ ကိုယ်ခန္ဓာကြီးက ပူနေသဖြင့် ရေပိုသောက်မိသည့်အတွက် ကိုယ်တွင်းက ဆိုဒီယမ်ဆားဓာတ်နည်းပါးသွားသည့်အခါ ဦးနှောက် ဖောင်းပွမှုဖြစ်ပြီး အသက်ဆုံးရှုံးတတ်ပြန်ပါသည်။
မကြာသေးမီက ခေတ်စားလာသည့် Happy water မှာလည်း စိတ်ကြွရူးသွပ်ဆေးတစ်မျိုးဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် Ecstasy၊ Kitamine၊ မက်အမ်ဖက်တမင်း စသည့်စိတ်ကြွရူးသွပ်ဆေးများကို ဒိုင်ယာဇီပင်အစရှိသည့် အိပ်ဆေးများနှင့်ရောစပ်၍ ဖျော်ထားခြင်းသာဖြစ်သည်။ အတိုင်းအဆမရှိသည့် စိတ်ကြွဆေးများကို ရောသမမွှေထားသည့်အတွက် အလွန်ပင်အန္တရာယ်ကြီးမားလှသည်။ စိတ်ကြွရူးသွပ် ဆေးများ၏အန္တရာယ်မှာ အလွန်အမင်းကြောက်မက်ဖွယ်ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များကိုဦးတည် ဖြန့်ဝေနေကြသည့်အတွက်လည်း တိုင်းပြည်အနာဂတ်ကိုဦးတည်ဖျက်ဆီးနေသကဲ့သို့ဖြစ်သည်။ သုံးစွဲသူများ ကိုယ်တိုင်၏ အလုပ်လုပ်ကိုင်နိုင်စွမ်း ကျဆင်းသွားရုံမက အသက်ပင်ဆုံးရှုံးနိုင်သည်။ အမျိုးသမီးများကို လိမ်လည်လှည့်ဖြားပြီး အမြတ်ထုတ်နိုင်ရန်အတွက် Ketamine (K) ကို အအေးခွက်ထဲထည့်ဖျော်ကာ အမျိုးသမီးငယ်များ၏ ဘဝကိုဖျက်ဆီးတတ်သဖြင့် မိန်းကလေးများ လုံးဝမမှီဝဲသင့်သော မူးယစ်ဆေးဝါး အနွယ်များဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးပြားများအား နိုင်ငံတော်က အမျိုးသားရေး တာဝန်အဖြစ် အလေးထားတိုက်ဖျက်နေ သကဲ့သို့ လူငယ်မောင်မယ်များ အနေဖြင့်လည်း မိမိတို့၏ အနာဂတ်အတွက် လမ်းကောင်းကို ရွေးချယ်လျှောက်လှမ်းကြရန် ဖြစ်ပါကြောင်း။ ။