အခြေအနေကောင်း တစ်ရပ်ဆီသို့ရောက်ရှိ

 

အခြေအနေကောင်း တစ်ရပ်ဆီသို့ရောက်ရှိ

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၂၅  ရက်)

    မြန်မာနိုင်ငံသည်    ဗုဒ္ဓဘာသာ ထွန်းကားသည့် နိုင်ငံဖြစ်သည့်အတိုင်း  တစ်ဦးမှာ အခက်အခဲရှိလျှင် ကျန်တစ်ဦးက ကူညီဆောင်ရွက် ပေးလေ့ရှိသည်။ ယခုအခါ  မမျှော်လင့်သော သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲ ဖြစ်နေသူများကိုလည်း သူ့ထက်ငါ အားတက်သရော လှူဒါန်းမှုပြုလျက် ရှိသည်။ထိုသို့ လှူဒါန်းမှုပြုလျက်ရှိရာတွင် အစားအသောက်များ၊ အဝတ်အထည်များနှင့် ငွေကြေးများ များစွာလာရောက် လှူဒါန်းလျက်ရှိသည်မှာ အားရဖွယ်ကောင်းလှသည်။ ပရဟိတအဖွဲ့များ အနေဖြင့် ကူညီကယ်ဆယ်ရေးတွင် ပါဝင်လုပ်ဆောင်နေကြသလို စောင့်ရှောက်ရေး၊ လှူဒါန်းရေးတွင်လည်း အားတက်သရော ပါဝင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျင်းပသော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး(၂/၂ဝ၂၄)သို့ တက်ရောက်အမှာစကား ပြောကြားစဉ် ‘‘တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ရာတွင် သန့်ရှင်းသော သောက်သုံး ရေရရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး  အာဟာရဖြစ်စေမည့် အစားအသောက်များ ရရှိရေးအတွက် ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ ရေဘေးဖြစ်ပွားခဲ့သည့် ဒေသများတွင် ယာယီပိတ်ထားရသည့် ရုံးဌာနများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ ရေဘေးသင့်ပြည်သူများ အတွက် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို စနစ်တကျစီမံ ဆောင်ရွက်ထားရမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများကို မျှမျှတတ ရရှိစေရေး ဖြန့်ခွဲပေးရန်လိုကြောင်း’’ထည့်သွင်းပြောကြားခဲ့သည်။

ရေဘေးသင့်ဒေသများရှိ ပြည်သူများအား သက်ဆိုင်ရာဒေသ အလိုက် ဖွဲ့စည်းထားသည့် စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်အားပေးစကား ပြောကြားပြီး လိုအပ်ချက်များကို ပံ့ပိုးပေးလျက်ရှိသည်။

ရာဂိတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံအချို့လည်း ထိခိုက်ခံစားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရေဘေးသင့်ပြည်သူများအတွက် စီမံခန့်ခွဲမှု ကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်စီမံခန့်ခွဲမှု အဖွဲ့များက  လိုအပ်ချက်များကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးလျက်ရှိသည်။ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ တည်မြဲအမိန့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များက အဖွဲ့များဖွဲ့၍  စီမံဆောင်ရွက်သွားရန် ထုတ်ပြန်ထားပြီးဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်မှုအပိုင်းတွင်  သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ၏ အစီအမံဖြင့် ဆောင်ရွက်ခဲ့သည့်ပုံစံမှာ လုပ်ငန်းဆောင်ရွက်မှုပုံစံ(၁)Scenario-1 ဖြစ်သည်။

သဘာဝဘေးအန္တရာယ် သက်ရောက်မှု ပိုမိုကျယ်ပြန့်လာခြင်း၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အရင်းအမြစ်များနှင့် တုံ့ပြန်ရန် အကန့်အသတ်ရှိလာခြင်းနှင့် နယ်မြေတစ်ခုနှင့်တစ်ခု ချိတ်ဆက် ဆောင်ရွက်မှသာ ပိုမိုသက်ရောက်မှုရှိသည့် အခြေအနေမျိုး၌ ပြည်ထောင်စုမှ အဓိကတာဝန်ယူ ဆောင်ရွက်ပေးရသည့်  လုပ်ငန်းဆောင်ရွက်မှု ပုံစံ(၂) Scenario-2 ဖြင့် ဆောင်ရွက်ရသည်။ ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည့် ရာဂိတိုင်ဖွန်းမုန်တိုင်းကြီးသည် အားအလွန်ကောင်းစွာဖြင့် စက်တင်ဘာလ ၇ ရက်တွင် တစ်နာရီလျှင်မိုင် ၁၃ဝ အထိတိုက်ခတ်ခဲ့သည်။ အဆိုပါမုန်တိုင်း အရှိန်ကြောင့်  ကြွင်းကျန်မိုးသား တိမ်တိုက်များသည် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့်မြန်မာနိုင်ငံသို့ပါ အဆင့်ဆင့် ရောက်ရှိပြီး မိုးရေများစံချိန်တင် ရွာသွန်းခြင်းဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်   ကြွင်းကျန်မိုးသား တိမ်တိုက်များ ရောက်ရှိချိန်တွင် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယနိုင်ငံအစပ်တွင်လည်း စက်တင်ဘာလ ၉ ရက်နှင့် ၁ဝ ရက်တွင်အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးရွာသွန်းမှု ပိုမိုများပြားခဲ့ရသည်။

အထူးသဖြင့်   နေပြည်တော်ကောင်စီနယ်မြေ  တပ်ကုန်းမြို့နယ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုများမှ တစ်ဆင့် နဝင်းချောင်း၊ မုန်ချောင်းနှင့်ကင်းသာချောင်းတို့၌ တောင်ကျရေများ၊ မြေပြိုမှုမှမြေသားများ၊ သစ်ပင်အမှိုက်သရိုက်နှင့် နုန်းမြေများ အမြောက်အမြား စီးဆင်းခဲ့သည်။ ထို့ကြောင့် မကြုံစဖူး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း ရာဂိမုန်တိုင်းကြောင့်  ရေကြီးရေလျှံမှုများ ခံစားခဲ့ရပြီး  ဘေးအန္တရာယ် သက်ရောက်မှုဧရိယာမှာ  ပြည်နယ်နှင့်တိုင်း ဒေသကြီးငါးခုတွင် ကျယ်ပြန့်စွာ သက်ရောက်လာသည့်အတွက် ဆောင်ရွက်မှုပုံစံ Scenario-2 ဖြင့် စက်တင်ဘာလ ၁၂ ရက်မှစတင်ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre)ဖွင့်လှစ်ပြီး  လုပ်ငန်းဆောင်ရွက်ခဲ့သည်။  ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် တာဝန်ရှိသူများက ရေကြီးရေလျှံနေသည့် နေရာများသို့ ခက်ခက်ခဲခဲဖြင့် သွားရောက်ဆောင်ရွက် ပေးခဲ့ကြရသည်။

နိုင်ငံတော်အနေဖြင့် အလှူရှင်များ မရောက်နိုင်သည့် အချို့ရေဘေးသင့် ယာယီကယ်ဆယ်ရေး စခန်းများအပါအဝင် ယာယီသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းများသို့  ကျန်းမာရေးနှင့် ညီညွတ်သည့် အခြေခံအစားအစာ ငါးမျိုးနှင့်သောက်သုံးရေ ရရှိရေးအတွက် ပို့ဆောင်ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော်နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထု ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အတွက်  ရေဘေးသင့်ပြည်သူများ အနေဖြင့်  အလွန်ဆိုးရွားသော အခြေအနေမှ အခြေအနေကောင်း တစ်ရပ်ဆီသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။    ။