နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် တက်လှမ်း
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်)
၂ဝ၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ စက်တင်ဘာလ ၂၅ ရက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားကျင်းပပုံများကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် အားကစားကဏ္ဍသည်လည်း တစ်ခုပါဝင်သည်။ တပ်မတော်သားတို့သည် ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင်လေ့ကျင့်ပါ ဟူသော ကျင့်ဝတ်နှင့်အညီ နေထိုင်ကြရသူများဖြစ်သည်။ ကျန်းမာရေးနှင့် သန်စွမ်းရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာသည် အားကစားဖြစ်သည်။ နေ့စဉ်လမ်းလျှောက်ခြင်းမှသည် မိမိတို့ကျွမ်းကျင်သည့် ပညာရပ်များကို ထူးချွန်စွာ လေ့ကျင့်နေခြင်းမှာ အားကစားဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံတော်အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းရေးတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများသည်လည်း များစွာ အထောက်အကူပြုလျက် ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် "တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး" ကို ဦးတည်ချက်တစ်ရပ် ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အားကစားတွင် ထူးချွန်စွာအောင်မြင်သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။ ထိုသို့ချီးမြှင့်ခဲ့မှုများ အနေဖြင့် အာရှနှင့်အရှေ့တောင်အာရှ အဆင့် အားကစားပြိုင်ပွဲကြီးများ အပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးပေါင်း ၂၂ ခုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၇၇ ခု၊ ငွေတံဆိပ် ၈၇ ခုနှင့် ကြေးတံဆိပ် ၁၅၉ ခုရရှိအောင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများကို အခမ်းအနားများ ကျင်းပပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်၍ ဆုကြေးငွေများ ချီးမြှင့်ခဲ့သည်။ ထိုသို့ချီးမြှင့်ခဲ့ရာတွင် ဆုကြေးငွေအားဖြင့် ငွေကျပ် ၇၄၅၂၃ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၃၃၉ဝဝ တို့ကို အားကစားသမားများအား ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ချီးမြှင့်ခြင်းသည် မျိုးဆက်သစ်လူငယ်များ အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်လိုသည့် စိတ်ဓာတ်ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြိုးစားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုများဖြစ်သည်။ နိုင်ငံကိုယ်စားပြု အားကစားသမားတစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသောကိစ္စရပ် မဟုတ်ပေ။ မိမိကျွမ်းကျင်သည့် အားကစားကို ထူးချွန်စွာတတ်မြောက်ရမည့်အပြင် ယုံကြည်ချက်၊ ခံယူချက်လည်း ရှိထားရမည်ဖြစ်သည်။ ယုံကြည်ချက်ဆိုသည်မှာ မိမိတတ်ကျွမ်းသည့် ဘာသာရပ်၊ မိမိအရည်အချင်း အပေါ်ယုံကြည်မှုရှိရမည်။ ခံယူချက်ဆိုသည်မှာ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတို့အတွက် ငါအကောင်းဆုံးဖြစ် အောင်ကြိုးစား ယှဉ်ပြိုင်မည်ဟူသော စိတ်ဓာတ်ဖြစ်သည်။
တပ်မတော်သို့ဝင်ရောက် စစ်မှုထမ်းဆောင်ကြသူ လူငယ်မောင်မယ်များမှာ ကျန်းမာသန်စွမ်းသူများဖြစ်ကြသည်။ ကျန်းမာသန်စွမ်းမှုရှိမှလည်း နိုင်ငံ့တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ကြပေမည်။
ကျန်းမာသန်စွမ်းမှုရှိစေရေးအတွက် တပ်ရင်း/တပ်ဖွဲ့၊ ဌာနချုပ်များတွင် နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ဆောင်ကြရသည်။ နေ့စဉ်နံနက်တိုင်းတွင် PT အပြေးလေ့ကျင့်ကြရသည်။ အပြေးလေ့ကျင့်ခြင်း၊ ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ လုပ်ဆောင်နေခြင်းကြောင့်လည်း တပ်မတော်သားတိုင်း ကျန်းမာလျက်ရှိကြသည်ဟု ဆိုနိုင်သည်။ ကျန်းမာကြံ့ခိုင်မှုရှိနေမှလည်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
တပ်မတော်သား တစ်ဦးဖြစ်လျက်နှင့် စစ်မြေပြင်ဒဏ်ရာ ရရှိမှုမှလွဲ၍ မကျန်းမမာဖြစ်ခြင်းမျိုးသည် လွန်စွာရှက်ဖွယ် ကောင်းလှသည်ဟု တပ်မတော်သား တိုင်းက ခံယူထားကြသည်။ ထိုသို့ကျန်းမာအောင် လေ့ကျင့်နေထိုင်ခြင်းကပင် မိမိတို့ဝါသနာပါရာ အားကစားတစ်ခုခုကို လေ့ကျင့်သွားဖြစ်ကြသည်။
ထိုအားကစားနည်းတွင် ထူးချွန်သောအခါ တပ်ရင်းလက်ရွေးစင်၊ တိုင်းစစ်ဌာနချုပ် လက်ရွေးစင်များမှ တစ်ဆင့်တက်ကာ တပ်မတော်လက်ရွေးစင်၊ နိုင်ငံ့လက်ရွေးစင်များအထိ အောင်မြင်မှုရရှိသွားကြသည်။
အားကစားတွင်ထူးချွန်စွာ အောင်မြင်ကြသူများကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်လျက်ရှိသည်။
အားကစားအောင်မြင်မှုသည် နိုင်ငံ၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးခြင်းဖြစ်သည်။ နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်ပေးသူများကို နိုင်ငံတော်ကလည်း ပြန်လည်ဂုဏ်ပြုခဲ့သည်။ အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့သည့် မြင်ကွင်းများမှာ လူငယ်မောင်မယ်တို့အတွက် အားကျအတုယူဖွယ်ဖြစ် သည်။ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်လာအောင် လူငယ်မောင်မယ်တိုင်းက ကြိုးစားသင့်သည်။ ဇွဲ၊ လုံ့လ၊ အားမာန်စိတ်ဓာတ်တို့ဖြင့် ရည်မှန်းချက်ကြီးမားစွာ ထားရှိကြိုးစားမည်ဆိုပါက မအောင်မြင်နိုင်စရာ ရှိမည်မဟုတ်ပါ။ မိမိတို့ဝါသနာထက်သန်ရာ အားကစားတစ်ခုခုကို စွဲစွဲမြဲမြဲလေ့ကျင့် ကြိုးစားကြမည်ဆိုပါက နိုင်ငံတော်၏ ဂုဏ်ကိုဆောင်နိုင်သော အားကစားသမား တစ်ဦးဖြစ်လာနိုင်ပေမည်။
အနှစ်ချုပ်ဆိုရသော် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သော အားကစားသမားများအဖြစ်သို့ ရောက်ရှိရေးကြိုးပမ်းပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ တက်လှမ်းနိုင်အောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။