မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

      မနက်လင်းအရုဏ် ကျေးငှက်တို့နိုးထချိန်မှာပဲ ကျွန်တော်တို့ ပိုက်လှေ ရွှေတူချိုင်ကုန်းတန်းက တဲကလေးသို့   ရောက်လာတော့သည်။   အဖေသည် ကျွန်တော့်ကိုတွဲပြီး တဲသို့ပို့၏။ ကျွန်တော့်မှာ ရေသေ ပိုက်မျှောတာ  လေးရက်ကြာအထိ  ရေလုံးဝမချိုးရ သည့်အပြင် ဆားငန်ရေကြောင့်လည်း ကိုယ်လက်တို့ တွင် ဆားဝပ်တက်ပြီး အဖြူစင်းများ ထင်နေကြ၏။ အဖေသည် ညီမလေးကို ရေနွေးတည်ခိုင်းပြီး ရေဖတ်တိုက်ကာ  သန့်စင်ပေးသည်။  ကျွန်တော့်အတွက် အိပ်ရာကို ညီမလေးကိုပြင်စေခိုင်းပြီး ဆေးဆရာပင့်ဖို့  အဖေ  ရွာသို့ပြေးလေပြီ။  ရွာကဗိန္ဓောဆေးဆရာ ဦးရွှေခဲကိုပင့်ပြီး   ဆေးတိုက်သည်။  သုံးရက်အတွင်း  အဖျားသက်သာသွားသည်။

 "သား ပိုက်ချမလိုက်နဲ့တော့နော်၊ ပိုက်ချတဲ့အလုပ်ဟာ ဘယ်လောက်ခက်ခဲတယ်၊ ပင်ပန်းတယ်ဆိုတာ သားသိတယ်မဟုတ်လား"

ကျွန်တော်နေကောင်းသွားပြီးချိန်တွင် အဖေပြောလာသည့်စကား။

"မဟုတ်ဘူးအဖေ၊  ဖျားတယ်နာတယ်ဆိုတာ အဆန်းမဟုတ်ပါဘူး၊ ကျွန်တော် အရမ်းပူအိုက်နေတုန်း   ရေအိုင်ထဲဗြုန်းခနဲဆင်းပြီး   ရေသောက်လို့ ကျွဲသေးတွေ သောက်မိတာရယ်၊ အပူမိသွားတာရယ်ကြောင့် ဖျားသွားတာဖြစ်မှာပါ"

"အဖေကတော့ သားကို မလိုက်စေချင်တော့ဘူး၊ သားပင်ပန်းတာ  အဖေမကြည့်ရက်ဘူး၊  သားရယ်စာပဲပြန်ကြိုးစားပါ။ စာမေးပွဲပြန်ဖြေဖို့ပဲ သားကြိုးစားရမှာ"

"အဖေရယ် အဖေ့ဘဝမှာ စီးပွားရေးလည်းအဆင် မပြေခဲ့၊အမေကလည်းဆုံးနဲ့   အဖေစိတ်ပင်ပန်း ကိုယ်ပင်ပန်းဖြစ်နေတာလေ၊  သားကလုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်ရောက်နေပြီ။ ဒါကြောင့် အဖေ့ကိုသား တတ်နိုင်သလောက် ကူညီပါရစေအဖေ။ သားစာမေးပွဲ ပြန်ဖြေဖို့အတွက်လည်း     ကြိုးစားနေတာပဲလေ၊ သားကစာညံ့လို့  စာမေးပွဲကျခဲ့တာလေ။ ဒါကြောင့် အချိန်တော့ယူရမယ်အဖေ။ နောက် အဖေ့ကို တစ်ခု

ပြောရဦးမယ် ခုစနစ်သစ်ပညာရေးဆိုတာ ဝိဇ္ဇာ၊ သိပ္ပံခွဲထားတာ ဝိဇ္ဇာဘာသာတွဲဆို သင်္ချာမပါတော့ဘူးအဖေ။  စိတ်ကြိုက်မြန်မာစာဆိုပြီး ဘာသာရပ် တစ်ခုနဲ့  အစားထိုးထားတယ်။  မြန်မာစာဆိုတာကတော့ အဖေရယ် သားကိုယ်ပိုင်ဘာသာပဲ"

အဖေရေနွေးသောက်ရင်း    ကျွန်တော့်ကိုကြည့် သည်။

"နောက်ပြီးတော့ အဖေ ကျွန်တော်ကျောင်းတက်တုန်းက တစ်ခါမျှမသင်ခဲ့ဖူးတဲ့ ဘောဂဗေဒဘာသာ ရပ်ဆိုတာ  ဝိဇ္ဇာတွဲမှာ   အသစ်ပြဋ္ဌာန်းထားတယ်။

အဲမှာစာရင်းကိုင် ဆိုတာပါတယ်။ သင်္ချာသဘောမျိုးလို့ပြောတယ်။  အဲဒါ  ကျွန်တော်စာမေးပွဲ တကယ်ဖြေဖြစ်တော့မယ်ဆိုရင် အမေ့ရွာ သရက်တောင်ဘက် သွားပြီး နားလည်တဲ့သူတွေနဲ့သင်ယူမယ် အဖေ"

"သရက်တောင်ဘက်မှာရော ရှိလို့လား"

"ရှိလောက်တယ်  အဖေ၊  ဘာဖြစ်လို့လဲဆိုတော့ အဲဒီကမ်းထောင်းကြီး၊  သရက်တောင်၊  ပေါက်တူး တောင်ရွာတွေဘက်ကို    အညိုရောင်နယ်မြေလို့ အစိုးရက သတ်မှတ်ထားတာကြောင့်  စာသင်ကျောင်းတွေ  ဖွင့်ခွင့်ရတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေ အသစ်ရောက်လာရင် ဝိဇ္ဇာတွဲမှာ ဘောဂဗေဒသင်ဖူးတဲ့ ဆရာ၊ ဆရာမတွေ ပါလာနိုင်တယ်။  ဒီလိုပဲလုပ်ရမှာ အဖေ။ မြို့ကိုသွားပြီး သင်ဖို့ဆိုတာက မလွယ် ဘူးလေ"

"သားက    စာကောင်းကောင်း  ကျက်နိုင်တာဆို တော့ သားအောင်မှာပါ"

"ဟုတ်တယ်အဖေ။ သား အခုလည်း  ကိုယ်နိုင်တဲ့ ဘာသာရပ်တွေကို ပြန်ကျက်နေတာပဲ။ သား အဖေ၊  အမေဖြစ်စေချင်တဲ့ ကျောင်းဆရာဘဝကို မရရအောင် ကြိုးစားမယ်အဖေ"

"ဗကပဆိုတဲ့သူပုန်တွေပြောတဲ့စကားကို    သား စိတ်အနာဆုံးပဲအဖေ"

"သားကို သူတို့ဘယ်လိုပြောကြလို့လဲ"

"ငပသုန်ရွာမှာတစ်ယောက်      ရန်သူ့စာသင်ပြီး ဟိုမရောက်ဒီမရောက်   ပိုက်ချစားလို့   ရှိလေရဲ့တဲ့ အဖေ"

"အဲဒီကောင်ကို ပညာသင်လို့    အမိအဖတွေမှာလည်း မွဲပြာကျပြီး ရွာထဲမှာတောင် မနေနိုင်ဘဲ လူသူ မနီးတဲ့တောကြီးထဲမှာ  တဲကလေးထိုးပြီး  နေကြရရှာတယ်တဲ့ဗျာ"

"ကျွန်တော်  လုံးဝအားမလျှော့ဘူးအဖေ။   အဖေ့ဘဝ ပြန်လည်ထူထောင်ရေးမှာ     သားတတ်နိုင်သလောက်ပါဝင်ပြီး    သားစာကြိုးစားနေပါတယ်။ တစ်နေ့မှာ ဧကန်ကျောင်းဆရာ ဖြစ်စေရမယ်အဖေ"

"ပြန်ဖြေဖြစ်ရင်  ငါ့သား  သေချာပေါက်စာမေးပွဲအောင်မှာပါ၊ ဇွဲသတ္တိက အဓိကပဲသား"

အဖေသည် ကျွန်တော့်ကိုကြည့်ပြီး အားမာန်ပြည့် စကားပြောလိုက်သည်။   အဖေသည်   ကျွန်တော် မည်မျှပင် အသုံးမကျဖြစ်နေပါစေ မည်သည့်အခါမျှ အားငယ်စိတ်ပျက်စကားဆိုလေ့မရှိပေ။    "အဖေ့ သားကြီးအောင်မှာပါ။    ငါ့သားကြီးထူးချွန်မှာပါ" ဆိုသည့်  အားမာန်ပြည့်စကားကိုသာ   တွင်တွင်ပြောသည်။ အဖေသည် ကျွန်တော့်အတွက် ဘဝလမ်းညွှန် ဆရာ၊ အာဂအဖေ၊ ရွှေတောင်ကြီး အဖေပေတည်း။

 

ကကြိုးပြောင်းခဲ့လေပြီလား

    ကျွန်တော်ရေတံငါဘဝဖြင့် မြစ်ချောင်းပင်လယ် များတွင် စုန်ချည်ဆန်ချည် သွားလာလှုပ်ရှားခဲ့သည်မှာ သုံးနှစ်တိုင်တိုင်ရှိခဲ့လေပြီ။ ကျောင်းဆရာဖြစ်ရေး ခံယူချက်ဖြင့်  ကျောင်းမှထွက်ပြီးနောက်  ကျောင်းစာများကို    လေ့ကျင့်ဖတ်မှတ်နေခဲ့သည်မှာလည်း သုံးနှစ်သုံးမိုး ရှိခဲ့လေပြီ။ သို့သော်  စာမေးပွဲပြန်ဖြေသည့် အဆင့်သို့ကား  မရောက်သေး။  ၁၉၆၂  ခုနှစ် အိမ်စောင့်အစိုးရကာလ  လူ့အသုံးအဆောင်ပစ္စည်းများ ရှာဖွေဝယ်ယူရ ခက်ခဲသလို ကျောင်းသုံးစာအုပ် ဆိုလျှင် ဗလာစာအုပ်အစ ဝယ်ယူရရှိရေးမှာ လွန်စွာ ခက်ခဲသော  ခေတ်ကာလ အခြေအနေပင်ဖြစ်သည်။ သို့ဆိုလျှင် လမ်းပန်းဆက်သွယ်ရေး အလွန့်အလွန် ခက်ခဲပြီး   လူသူမနီးသည့် ပင်လယ်ပြင်ကမ်းနံဘေး  ကျွန်းတောင်ကြီးခြေရင်းမှာ တဲကလေးတစ်လုံးထိုးပြီး ပိုက်ချငါးရှာလုပ်နေသော ကျွန်တော့်အတွက် အဘယ် မှာလျှင် ပြဋ္ဌာန်းစာအုပ် အသစ်တွေ ရနိုင်ပါမည်နည်း။

ကျွန်တော့်ပတ်ဝန်းကျင်မှာ        မြစ်ပင်လယ်ထဲ ကျင်လည်ရှင်သန်နေကြသော ရေတံငါများနှင့် ကျွန်တော် စာမေးပွဲပြန်ဖြေမည့် လမ်းကောင်းရွေးချယ်ခြင်းကို ဆီးလို့ကာလို့ တားမြစ်နေကြသော ဗကပဆိုသူတို့သာ ရှိကြသည်။ ကျွန်တော့်မှာ ကျောင်းတက်တုန်းက ဖတ်ခဲ့မှတ်ခဲ့သော စာအုပ်များနှင့် ကျောက်ဖြူမြို့က  ကျောင်းတက်ဖော် သူငယ်ချင်းတွေဆီက ပေးပို့ထားကြသော လက်ရေးမူမှတ်စုစာအုပ် တချို့ပဲရှိသည်။ သို့ဖြစ်၍ ဖတ်စာ၊ ကျက်စာတွေကိုတော်တော် များများ ကျက်မှတ်ထားပြီးဖြစ်သည်။   ကျွန်တော်ပိုက်မျှောထွက်တိုင်း ကျောင်းလွယ်အိတ်ကလေးပါ သည်။   ပိုက်မျှောထားချိန်များတွင်   အားနေသည့် အခိုက်အတန့် ကျောင်းစာအုပ်ကိုဖတ်ဖြစ်သည်။

"ငါ့သား  စာမေးပွဲပြန်ဖြေဖြစ်ရင်  သေချာပေါက်အောင်လိမ့်မယ်"     ကျွန်တော်စာဖတ်နေသည်ကိုတွေ့တိုင်း  အဖေပြောနေကျ လက်သုံးစကားပင်ဖြစ် သည်။

တစ်နေ့မှာ   ကျွန်တော်  အဖေ့ကို  အရေးဆိုလိုက်သည်။

"အဖေရယ်     သားမျှားတန်းချကြည့်ချင်တယ်။ အဖေကပိုက်မျှော သားက မျှားတန်းချပေါ့၊ လုပ်ငန်းနှစ်ခုဆိုတော့ ဝင်ငွေနှစ်နေရာ ရှိတာပေါ့အဖေ"

"သားကိုပြောပြမယ်    မျှားတန်းချတဲ့အလုပ်က အရမ်းပင်ပန်းတာ  ညတောင်အိပ်ချိန်မရှိဘူး။  သားခံနိုင်မှာမဟုတ်ဘူး"

"အဖေကလည်း သားယောက်ျားကြီး လုံးလုံးဖြစ်နေပြီလေ၊ သားအကုန်လုံး လုပ်နိုင်ပါတယ်အဖေရဲ့"

"မလွယ်ဘူးနော်သား၊ သားအဖေနဲ့တွဲပြီး ပိုက်ပဲလိုက်ပါ။  ပိုက်လှေမှာဆို စာကျက်ချိန်လည်း   ရတာပေါ့"

"ရတယ်အဖေ မျှားလှေပေါ်မှာလည်းစာကျက်မှာ ပေါ့ အဖေရယ်"

"သား အဲဒီလောက်တောင် လုပ်ချင်နေရင်လည်း လုပ်ကြည့်ပေါ့ကွယ်။ ငါးမျှားချိတ်ရယ်၊ မျှားတန်းကြိုးရယ်ကိုတော့   သားကျောက်ဖြူမြို့    လိုက်ဝယ်မှရမယ်"

"သွားမယ်အဖေ သားသွားလိုက်ပါ့မယ်"

ဆက်လက်ဖော်ပြပါမည်။