ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေး လူငယ်စွမ်းအား မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
နေပြည်တော် စက်တင်ဘာ ၂၅
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေး လူငယ်စွမ်းအားမြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထား သောဧည့်သည်တော်များနှင့် လူမှုရေး အသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် သဘာဝဘေးအန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ကဏ္ဍများအလိုက် အသိပညာ၊ အတွေ့အကြုံများ ရရှိစေရန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု တွင် လူငယ်များ၏ အခန်းကဏ္ဍများ သိရှိစေရန် ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့ရှိ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များမှ လူငယ်သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။