မြို့နယ်အဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနားကျင်းပ
သထုံ စက်တင်ဘာ ၂၅
မွန်ပြည်နယ် သထုံမြို့နယ် သိမ်ကုန်းရပ်ကွက်ရှိ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီခန်းမ၌ မြို့နယ်အဆင့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်တွင် သံဃာတော်များအား ဆွမ်းဆက်ကပ် တရားနာယူပြီး လှူဖွယ်များ လှူဒါန်းခြင်း၊ ကရင်တိုင်းရင်းသား အလံတော်အား အလေးပြုခြင်း၊ ချည်ဖြူဖြင့်အပြန်အလှန် လက်ချည်ကာ ဘိုးဘွားများထံမှ ဆုံးမဩဝါဒများနာခံခြင်း၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်တစ်ဦးက ကရင်ရိုးရာချည်ဖြူဖွဲ့လက်ချည်ပွဲဖြစ်ပေါ်လာပုံနှင့် ချည်ဖြူဖွဲ့ရာတွင် ပါဝင်သည့် ပစ္စည်းကိုးမျိုးတို့၏ အဓိပ္ပာယ်အားရှင်းလင်းခြင်း၊ ရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း စသည်တို့ကို ပြုလုပ်ကြသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းသည် စည်းလုံးညီညွတ်စွာ ဘိုးဘွားများ ချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မိဘဘိုးဘွားတို့အနေဖြင့် မိမိတို့၏သားသမီးမြေးမြစ်များ တကွဲတပြားမဖြစ်စေဘဲ စုစုစည်းစည်း ချစ်ချစ်ခင်ခင်ရှိကြရန်နှင့် ကျန်းမာပျော်ရွှင်စွာ ရှိကြစေရန်၊ ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုပြန်လည် စုစည်းရေး၊ အချင်းချင်းချစ်ကြည် သွေးစည်းမှု ခိုင်မြဲရေး၊ ကြီးပွားတိုးတက်စေရေး၊ ဘေးပယောဂ မကောင်းကြံစည်မှုများအား နားမယောင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြောနိုင်ရေးတို့ အတွက် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်တွင် ကရင်တိုင်းရင်းသား ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့၌ နှစ်စဉ်ပြုလုပ်လေ့ ရှိကြောင်း မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သိရသည်။