အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီ (NAQAC)၏ အရည်အသွေး အာမခံမှု(QA)ဆိုင်ရာ ပထမအကြိမ် အစည်းအဝေး ကျင်းပ

 

အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီ (NAQAC)၏ အရည်အသွေး အာမခံမှု(QA)ဆိုင်ရာ ပထမအကြိမ် အစည်းအဝေး ကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၅

    မြန်မာနိုင်ငံတက္ကသိုလ်များ အနေဖြင့် သင်တန်းအဆင့် (Program Level)နှင့် တက္ကသိုလ်ကျောင်းအဆင့် (Institutional Level) နှစ်ခုစလုံးတွင်  အာဆီယံတက္ကသိုလ်ကွန်ရက်၏ အရည်အသွေး အာမခံမှု (AUN-QA) စံနှုန်းသတ်မှတ်ချက်များနှင့် ပြည့်မီကိုက်ညီကြောင်း အသိအမှတ်ပြုမှု (Accreditation) ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၃)တွင် ကျင်းပသည့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီ (NAQAC)၏ အရည်အသွေး အာမခံမှု (QA)ဆိုင်ရာ ပထမအကြိမ် အစည်းအဝေးတွင် ပညာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး    ဒေါက်တာညွန့်ဖေက ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးနှင့်ဆက်စပ်ဝန်ကြီးဌာန ကိုးခုမှNAQ-AC ကော်မတီဝင်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတက္ကသိုလ်များသည်လည်း အာဆီယံပညာရေးဆိုင်ရာ မူဘောင် တစ်ခုဖြစ်သော AUN-QA စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်ကြောင်း၊ NAQAC အနေဖြင့် မြန်မာနိုင်ငံတက္ကသိုလ်များ အတွက် ထိုက်တန်သော နိုင်ငံတကာ အသိအမှတ်ပြုမှုများ ရရှိစေရန်နှင့် ကျောင်းသားဖလှယ်ရေး အစီအစဉ်များတွင် မြန်မာကျောင်းသား၊ ကျောင်းသူများပိုမို ပါဝင်လာနိုင်စေရန်၊ ပညာသင်ဆုများ ပိုမိုဆွတ်ခူးရရှိစေရန်၊ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော ကမ္ဘာ့ဈေးကွက်တွင် အလုပ်အကိုင် အခွင့်အလမ်းများ  ပိုမိုရရှိလာစေရန် ပံ့ပိုးကူညီပေးရန် လိုအပ်ကြောင်း၊ တက္ကသိုလ်များကလည်း     AUN-QA စံသတ်မှတ်ချက်များနှင့် စံနှုန်းများပြည့်မီကြောင်း အသိအမှတ်ပြုမှု (Accreditation) ရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က AUN-QA Guideline စာအုပ်ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာတွဲဖြင့် ပြုစုဖြန့်ဝေသွားရမည်ဖြစ်ကြောင်း၊ အဆိုပါ Guideline စာအုပ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်အတွင်း အရည်အသွေး စစ်ဆေးရေးအဖွဲ့များနှင့် NAQAC ၏ ပြင်ပအရည်အသွေး စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးအကြံပြုချက်များအတိုင်း ပြင်ဆင်လိုက်နာ ဆောင်ရွက်ခြင်းဖြင့် AUN-QA အသိအမှတ်ပြုမှု လက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက်     မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အစည်းအဝေး ဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ခဲ့ကြောင်း  သတင်းရရှိသည်။