ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့
နေပြည်တော် စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၉)ရပ်ကွက် မြိုင်လမ်း အမှတ် -၂၁၄/ခ နေထိုင်သူ မောင်စိုင်းဇော်ထိုက် အသက် ၂၆ နှစ်သည် ဇူလိုင်လ၃၀ ရက်နံနက်ပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မပြတ် တောက်သွားသည့်ဒဏ်ရာ (Right Thumb Traumatic Amputation) ဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ၁၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိလာရာ အဆိုပါလူနာ၏ ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု (Thumb Replantation)ကို ည ၇ နာရီ ၃၅ မိနစ်တွင် စတင်ခဲ့ပြီး ည ၁၁ နာရီ ၃၅ မိနစ်တွင် ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လူနာရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အရေးပေါ် ကုသမှုဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပညာ ဆေးလက်တွေ့ပါရဂူဘွဲ့ သင်တန်းသူ/သင်တန်းသားများ ဖြစ်သည့် ဒေါက်တာ ခိုင်မေဦး၊ ဒေါက်တာရဲနိုင်ဦးနှင့် ဒေါက်တာ မင်းမင်းအောင် ဆေးပညာမဟာသိပ္ပံ (တတိယနှစ်) (အရိုးရောဂါပညာ)တို့ ဦးဆောင်သည့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့နှင့် ဒေါက်တာဒါလီစိုးဝင်း လက်ထောက်ဆရာဝန် (မေ့ဆေး)၊ ဆေးပညာမဟာသိပ္ပံ(မေ့ဆေး) သင်တန်းသားများဖြစ်သည့် ဒေါက်တာထက်အောင်လင်း၊ ဒေါက်တာအောင်ကိုကိုတို့ ဦးဆောင်သည့် မေ့ဆေးဆရာဝန်အဖွဲ့နှင့်သူနာပြု ဒေါ်ပိုးခန့်ထူး၊ ဒေါ်နှင်းအဉ္ဇလီတို့ပါဝင်သော သူနာပြုအဖွဲ့တို့ပူးပေါင်း၍ ပြတ်တောက်သွားသော လက်မအား ပြန်လည်ဆက်ခြင်း (Replantation) ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ဆက်ထားသော ညာဘက်လက်မ၏ သွေးလည်ပတ်မှု အခြေအနေမှာကောင်းမွန်ပြီး စိတ်ချရသည့်အခြေအနေတွင် ရှိသည့်အတွက် အဆိုပါလူနာအား ဩဂုတ်လ ၁၂ ရက် (ခွဲစိတ်ပြီး ၁၃ ရက်မြောက်နေ့)တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ပုံမှန်ပြင်ပ လူနာအနေဖြင့် ဆေးရုံရက်ချိန်းဖြင့် ဆက်လက်စောင့်ရှောက် ကုသပေးလျက်ရှိရာ ခွဲစိတ်ပြီး ၂၈ ရက်မြောက်နေ့တွင်လည်း ဆက်ထားသောလက်မ၏ အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း သတင်းရရှိသည်။