ခရီးသွားလုပ်ငန်းနှင့်ငြိမ်းချမ်းရေး
၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကမ္ဘာ့နိုင်ငံတိုင်းတွင် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့သို့ ရောက်လေတိုင်း ဆောင်ပုဒ်တစ်ခုစီထုတ်ပြန်လေ့ရှိသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ"ခရီးသွားနှင့်ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး" " TOURISM AND PEACE " ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံအလိုက် အရင်းအမြစ်များ ပေါ်မူတည်၍ ခရီးသွားလုပ်ငန်းအမျိုးမျိုးရှိသည်။
ယဉ်ကျေးမှုနှင့်ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာခရီးသွားလုပ်ငန်း၊ စွန့်စားသွားလာပျော်စရာ ခရီးစဉ်၊ အပျော်စီးသင်္ဘောခရီးစဉ်နှင့် အခြားခရီးသွားလုပ်ငန်း အမျိုးမျိုးအား နိုင်ငံအလိုက် အကောင်အထည်ဖော် လျက်ရှိသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ သာလွန်ကောင်းမွန်အောင် လုပ်ဆောင်ကြရာမှ ခရီးသွားလုပ်ငန်းများသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်စေရေးအတွက် " ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်" ကို ၁၉၄၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနယ်ပယ်၏ ဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။ ထိုအဖွဲ့ကြီးက ဦးဆောင်ကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စက်တင်ဘာလ ၂၇ ရက်အား " ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့" အဖြစ် သတ်မှတ်ပေးထားသည်။ ၁၉၈၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား စတင်ကျင်းပခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်စေရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ၁၇ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်များကိုလည်း ထုတ်ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ဆောင်ပုဒ်မှာ လွန်စွာသဘာဝကျလှသည့်ဆောင်ပုဒ်ဖြစ်သည်။ ခရီးသွားဧည့်သည် မှန်သမျှသည် မိမိတို့သွားရောက်လိုသည့်နိုင်ငံနှင့် ဒေသ၏ အကြောင်းအရာ အချက်အလက်များကို ဦးစားပေးလေ့လာပေလိမ့်မည်။ ထိုသို့လေ့လာသည့် အချက်များတွင် အဓိကအားဖြင့် တည်ငြိမ်အေးချမ်းခြင်းရှိ၊ မရှိကို ထည့်သွင်းတွက်ချက်ကြပေလိမ့်မည်။ လက်ရှိကမ္ဘာကြီး၏ အနေအထားကြောင့် ခရီးသွားလုပ်ငန်းမှာ ငြိမ်းချမ်းရေးနှင့်ဆက်စပ်နေသည့်အတွက် မည်သည့်ဒေသမဆို ငြိမ်းချမ်းရေးရရှိအောင် လက်တွဲဆောင်ရွက်ကြရန် ယခုနှစ်အတွက်ဆောင်ပုဒ်က ညွှန်းဆိုလျက်ရှိသည်။
ခရီးသွားလုပ်ငန်းမှာ အစိုးရအချင်းချင်းဆက်ဆံမှု၊ အစိုးရနှင့်ပုဂ္ဂလိကဆက်ဆံမှု၊ ပုဂ္ဂလိကအချင်းချင်း အပြန်အလှန်ဆက်သွယ်ဆက်ဆံမှုတို့ကို တိုးတက်ကောင်းမွန်စေပြီး ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် နားလည်မှု၊ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် မျှဝေဖလှယ်မှုတို့တွင် ထိရောက်သောကောင်းကျိုးများ ဖြစ်ပေါ်စေသည်။ အဆိုပါ အလေ့အထများကို အာဆီယံနှင့်မဟာမဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းဖိုရမ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အစည်းအဝေးများတွင် ထူထောင်ဆောင်ရွက်လျက်ရှိသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများတွင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး တို့သည် အဓိကကျသောအချက်များ ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာ လုပ်ငန်း စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝတရားကြီးက ပေးထားသည့် အကြီးမားဆုံးလက်ဆောင်ဖြစ်သည့် မြေပေါ်မြေအောက်သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိသည်။
အဆိုပါ သဘာဝအရင်းအမြစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံပြီး ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုအဖြစ် ဖော်ထုတ်ပြီး ဖိတ်ခေါ်ပြသသည့် ခရီးသွားလုပ်ငန်းကို ရေရှည်ဖွံ့ဖြိုး တိုးတက်အောင်ကြိုးစားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတိုင်းတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ ခရီးသွားလုပ်ငန်းတွင် ကျယ်လာသည်နှင့်အမျှ ဆင်းရဲမှုလျော့နည်း လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွားလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး ဆောင်ပုဒ်နှင့်အညီ မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်အောင်မြင်ရေးကို အလေးထား ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။