မြစ်ကို အလျားစုန်ကူးခဲ့သည်

မြစ်ကို အလျားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

မေ့ သေရေးရှင်ရေးကိစ္စတုန်းကတောင် ကျောက်ဖြူမြို့သို့ လိုက်ဖို့ငြင်းဆန်ခဲ့သောကျွန်တော်၊  ခု ကိုယ့်လုပ်ငန်းအတွက်   ကျောက်ဖြူသို့သွားရမည့် ကိစ္စမျိုးမှာ      အလွယ်တကူသဘောတူလိုက်ခြင်းကို      ကိုယ့်ကိုယ်ကိုယ် အံ့သြသလိုဖြစ်သွားသည်မှာ    အမှန်ပင်ဖြစ်သည်။ သို့သော်  အဖေ၏ဘဝ  ပြန်လည်ထူထောင်ရေးတွင် အထောက်အကူ ဖြစ်စေရေးအတွက် မိဘကျေးဇူးဆပ်နေသည်ဆိုခြင်းကို နောင်တွင်စဉ်းစားမိပြီး အသိဝင်လာခဲ့လေသည်။

"အဲလိုဆို သား ကျောက်ဖြူမြို့သွားဖို့အတွက် အဖော်လိုတာပေါ့၊ ဒီရွာကလည်း မြို့သွားမယ့်သူရှိ သံမကြားဘူး"

"နေဦးသားရယ် ဟိုးတစ်နေ့က ကုက္ကိုရွာက ကိုဘိုးကျန်အောင် ဒီကိုရောက်လာတယ်၊      သူသန်ဘက်ခါ  ကျောက်ဖြူမြို့သွားမယ်ပြောသွားတယ်၊   သားရှင်ပြုဖို့သင်္ကန်း ပရိက္ခရာသွားဝယ်မှာတဲ့" "ဟုတ်ကဲ့   အဖေ    အဲလိုဆို  သားကိုကုက္ကိုရွာပို့ပေးပါ၊    အဲဒီဦးနဲ့လိုက်သွားလိုက်မယ်လေ"

နောက်တစ်နေ့တွင်      အဖေသည်ကျွန်တော့်ကို ကုက္ကိုရွာသို့လိုက်ပို့သည်။မျှားလှေခပ်သေးသေးတစ်စင်းနဲ့   အဖေတစ်ယောက်ထဲလှော်ပို့သည်။  ကျွန်တော်က လှေဦးကလှော်ပေးသည်။ ကုက္ကိုရွာမှာလေကွယ်လှိုင်းကွယ်  ဒီရေရောက်တောနှင့် တောင်တန်းကြီးအနားမှာရှိ၍ လှေကြီးကြီးမလိုပေ။ ငပသုန်ရွာနဲ့ ကုက္ကိုရွာလည်း နီးသည်တော့မဟုတ်      လေးနာရီနီးနီး လှော်လိုက်မှ ရွာသို့ရောက်သည်။  အဖေ့မိတ်ဆွေ ဦးဘိုးကျန်အောင် အိမ်မှာတည်းခိုလိုက်ကြသည်။

"ကိုမောင်အေးစိန်ရေ  ကျောက်ဖြူမြို့သွားတာ   ပင်လယ်ပြင်ဖြတ်သွားရမှာဆိုတော့   နေ့ခင်းကြီးဆို   နေပြင်းတယ်ညဘက်ပဲသွားဖို့လုပ်ထားတယ်"

"ရတယ်လေ ညကျမှသွားကြပေါ့"

"ဪ  ဒါနဲ့  ကိုမောင်အေးစိန်  မြို့မှာကျောင်းထားတယ်ဆိုတဲ့      သားလား၊ အခု ဒီမှာပိုက်ချနေတာမဟုတ်လား"

"ဟုတ်တယ်ဗျာ ကိုဘိုးကျန်အောင် ဘယ်ကသိတာလဲ"

"ဗ.က.ပတွေရွာရောက်ရင် သူတို့ပြောကြတယ်၊    ရန်သူ့စာကို မြို့တက်သင်ပြီး စာမေးပွဲကျလို့ ဟိုမကျဒီမကျနဲ့ငပသုန်ရွာတောတန်းမှာ တဲထိုးပြီး ပိုက်ချနေတာ တစ်ယောက်ရှိတယ်တဲ့"

ကုက္ကိုရွာသား ဦးဘိုးကျန်အောင် အဖေ့ကိုပြောပြနေသောစကား ကျွန်တော်နားနဲ့    ဆတ်ဆတ်ကြားလိုက်ရသည်။ ကျွန်တော့်ရင်ထဲမှာ ဗလောင်ဆူသွားသည်။

"အတန်းစာမရှိတဲ့    နိုင်ငံရေးသမားဆိုသူတွေ ခင်ဗျားတို့ကို ကျုပ်ဆယ်တန်းအောင်  ဘွဲ့ရပြီး  ကျောင်းဆရာဖြစ်တာမြင်စေရမယ်"

ကျွန်တော် မချိတင်ကဲစိတ်နဲ့ ရင်ထဲက ကြုံးဝါးလိုက်သည်။

 

ည ၆ နာရီဝန်းကျင်တွင် ကျွန်တော်တို့ကူးတို့ ကုက္ကိုရွာလှေဆိပ်မှ စတင်ထွက်ခွာ လာကြသည်။   ငပသုန်ရွာနှင့်  ကုက္ကိုရွာ အကြား ရေပြင်ကျယ်ကြီးကို ရောက်သည်။ မြောက်လေညင်းညင်း တိုက်ခတ်နေသည် ကိုတွေ့၍ ရွက်တိုင်ထူပြီး ရွက်ဖွင့်လိုက်ကြရာ လှေသည် လှိုင်းခေါင်းဖြူများကို ဖိနင်းပြီး ပြေးနေပေတော့သည်။ ငပသုန်ကျွန်းကို လက်ယာထားပြီး ရွက်လွှင့်ထားခဲ့ရာ နောင်တော်ကြီး၊ နောင်တော်လေးရေလက် ကြားက ဖြတ်ကျော်လိုက်သည်နှင့် နောင်တော်ပင်လယ်ပြင်ထဲ  ရောက်သွားတော့သည်။ ကျွန်တော်တို့ ပသျှူးပိုက်မျှောသည့် နေရာပေတည်း။    ကျောက်ဖြူမြို့နယ်အတွင်းက စနဲ၊ အဝတောင်၊ သဇင်ကျွန်း၊ အစိုင်းကြီးစသော    ရွာသားများသည်လည်းကောင်း၊  မြေပုံမြို့နယ်က  ငပသုန်၊ နောင်တော်၊ ကျွန်းသာယာ၊ ပြင်ချောင်း၊ ကုက္ကိုနှင့် လူပျိုတောင်ရှည် ရွာသားများသည်လည်းကောင်း      ဤနောင်တော်ပင်လယ်ကိုအမှီပြုပြီး ပသျှူးပိုက်ချခြင်းဖြင့် အသက်မွေးကြကုန်၏။

ညပင်ဖြစ်သော်လည်း လပြည့်ဝန်း၏ မေတ္တာတော်အနန္တကြောင့် ပင်လယ်ရေပြင် မြမြဖွေးကို ပျပျကလေးမြင်နေရ၏။ လှေကတော့ လေတွန်းအားကြောင့် ပြေးမြဲ ပြေးနေသည်။ ညသန်းခေါင်ကျော်လောက် တွင် နောင်တော်ကြီးပင်လယ်အလွန်တွင်  ဘင်္ဂလားပင်လယ်ပြင်ကြီးထဲသို့ ထိုးဆင်းလိုက်သည်။ လှေပဲ့ကိုင် ဦးဘိုးကျန်အောင် က ဘင်္ဂလားပင်လယ်ပြင်ကဆို ကျောက်ဖြူ မြို့ဆီသွားရသည်မှာ    ပိုနီးသည်ဟုပြောသည်။    သင်္ဘောသွားလမ်းအတိုင်းသွားလျှင်    ကြက်တောပြင်ရေလက်ကြားက ကျောက်ဖြူမြို့သို့  ဖြတ်ကူးရာတွင် ရေတက်နဲ့ဆို  ရေဆန်တိုးရသဖြင့် အခက် အခဲရှိသည်ဟုဆိုသည်။

မနက်လင်းအရုဏ်တွင် ကျွန်တော်တို့ လှေတံခါးရိုးတောင်တန်းနှင့် ဇွန်ပန်းချိုင် ကျွန်းအောက်ဘက်    ပင်လယ်ပြင်ထဲသို့ ရောက်ခဲ့ကြလေပြီ။    ကျောက်ဖြူမြို့သို့ ရောက်ရှိနိုင်ရေးအတွက်    လှေကို ကျောက်ဖြူမြို့ တည်ရှိသည့် ရမ်းဗြဲကျွန်း မြောက်ဘက်သို့ လှည့်ပေးလိုက်ရာ လေ ကြောင်းလွဲသလို ဖြစ်သွားသဖြင့် ရွက်ကို လေမဝင်တော့ဘဲ ရွက်မှာ ဖလက်ဖလက်ခတ်ကာ  တဖျပ်ဖျပ်အသံမြည်ပြီး လှေ သည်ရှေ့သို့ ဟုတ်တိပတ်တိ မရွေ့တော့သလိုဖြစ်သွား၏။ လှေအသွားနှေးသွားသဖြင့်  လှိုင်းသည် လှေကိုကောင်းကောင်း ကိုင်လှုပ်လာတော့သည်။

"ကဲ ကဲ ရေလည်းတက်လာပြီ ရွက်ချ လိုက်ကြတော့ တက်ခတ်ကြမယ်"

ဦးဘိုးကျန်အောင်      ပြောအပြီးမှာ ကျွန်တော်တို့ရွက်ကိုချလိုက်ကြပြီး ရွက်တိုင်မှာ ကြိုးနဲ့ပတ်လိပ်ချည်ပြီး လှေနံတွင်  အလျားလိုက်   ချထားလိုက်ကြသည်။ ပင်လယ်ဒီရေကလည်း အရှိန်ပြင်းပြင်း တက်နေပြီဖြစ်၍ ခတ်တက်နှစ်စင်း ပြိုင်တူ ဆွဲခတ်လိုက်ချိန်တွင် လှေမှာ အလျင်စလို ပြေးနေပေတော့သည်။     ကျွန်တော်တို့ ခတ်တက်ခတ်ပြီး     ဖြတ်သန်းလာသော နေရာမှာ ၁၉၅၇ ခုနှစ်ဝန်းကျင်လောက်က ပင်လယ်ကမ်းရိုးတန်းသွား ပင်လယ်ကူး သင်္ဘောကြီး ''ပြည်တော်သာ" ကျောက်ဆောင်နဲ့ထိပြီး နစ်မြုပ်ခဲ့သော နေရာပင် ဖြစ်သည်။ နံနက်ခင်းအချိန် ပင်လယ်ပြင် ထဲတွင်   ရေတက်ဦး   လှိုင်းလုံးများနှင့် အရှေ့လေတို့ လက်ခုပ်လက်ဝါး ရိုက်ခတ် နေကြရာ တဝုန်းဝုန်းအသံထွက်ကာ ရေ ပန်းပွင့်ကြီးများ ဖျန်းခနဲ ဖျန်းခနဲ ဖြာထွက်သွားကြသည်။   လှိုင်းရိုက်ခတ်မှုကြောင့် တစ်ကိုယ်လုံး စိုရွှဲနေပြီး လှေဝမ်းဗိုက်ထဲ သို့ ရေတွေ ပန်းဝင်လာသဖြင့် ရေပက်ခန်းသို့ ဆင်းပြီး မကြာမကြာ ရေပက်ထုတ်ပေးရသည်။

နံနက် ၇ နာရီဝန်းကျင်လောက်တွင် ရမ်းဗြဲကျွန်းမြောက်ဘက်စွန်း ကျောက်ဖြူ မြို့ကို မြင်နေရပေပြီ။  မြို့အစွန်ပင်လယ် ကမ်းစပ်၌      အင်္ဂလိပ်တို့အုပ်ချုပ်စဉ်က ကျောက်ဖြူခရိုင်   အရေးပိုင်    "မောရစ် ကောလစ်" (Maurice Collis) နေထိုင်ခဲ့ သော   ရေနံချေးဝနေသည့်အိမ်ကိုလည်း မြင်နေရပေပြီ။ ကျွန်တော် ကျောက်ဖြူမြို့မှာ ကျောင်းတက်တုန်းက လမ်းလျှောက်ရင်း ခဏခဏရောက်ခဲ့သော နေရာပင်ဖြစ် သည်။ လှေပဲ့ကိုင်သည်  လှေကိုကမ်းခြေ အနီးသို့ကပ်ပြီး ကျောက်ဖြူမြို့သင်္ဘောဆိပ်အနီးက ကပ်လျက်ပဲ တက်ခတ်စေလိုက် သည်။ ရေကြီးရေထရက်ဖြစ်၍ လှေမှာ တော်တော်ပြေးအားကောင်းသည်။ သမ္ဗာန်ချောင်း လွန်သည်ဆိုလျှင်ပဲ  မြစ်နားတန်း ဆိပ်ကမ်းသို့   ရောက်လာခဲ့ကြပြီဖြစ်၍ ကမ်းစပ်တွင် လှေကို ထိုးကပ်လိုက်တော့သည်။

ကျွန်တော်သည် လွယ်အိတ်ကလေးကိုဆွဲပြီး ခပ်သွက်သွက် လှမ်းတက်လိုက်သည်။ အခန်းဖော် ကျောင်းတက်ဖက် သူငယ်ချင်းတွေကို သွားတွေ့သည်။     ထွန်းဝင်းက ကျန်းမာရေးဝန်ကြီးဌာနတွင် ကျေးလက် ကျန်းမာရေးမှူး၊ ချမ်းအောင်က စာမေးပွဲကျလို့ တပ်ထဲဝင်သွားသည်ဟု သိရသည်။ ရွှေမြကတော့ စာမေးပွဲ အောင်သော်လည်း အစိုးရဌာနတွေမှာ    အလုပ်မလုပ်ဖြစ်။ အရောင်းအဝယ်လုပ်သလိုလို   ဘာလိုလို လုပ်နေသည်ကို တွေ့ရသည်။

ဆက်လက်ဖော်ပြပါမည်။