ကရုဏာအလှူတော်ကုသိုလ်နှင့်အမျှဝေခြင်း

ကရုဏာအလှူတော်ကုသိုလ်နှင့်အမျှဝေခြင်း

မြန်မာနိုင်ငံအတွင်း  ရာဂိတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် အလှူရှင်တို့က  ကရုဏာအလှူတော်ငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်က နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။  အခမ်းအနားသို့ သီတဂူဆရာတော်အမှူးပြုသော  ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အလှူငွေပေးအပ်ခြင်းတွင် သီတဂူဆရာတော်ကြီးက အမေရိကန်ဒေါ်လာ ၁ဝဝဝဝနှင့် ကွန်းခိုရာကုမ္ပဏီမိသားစုက ငွေကျပ်သိန်းတစ်ထောင်ပေးအပ်လှူဒါန်းခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့်  ရေဘေးကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ ၃ဝ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စက်တင်ဘာလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သော အလှူငွေပေးအပ်ပွဲတွင် စေတနာရှင် အလှူရှင်များက ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းမှုမှာ နိုင်ငံတော်အတွင်းတွင်ရှိကြသည့် စေတနာရှင်၊ အလှူရှင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ သဒ္ဓါတရားထက်သန်မှုကို တွေ့မြင်ရခြင်းဖြစ်သည်။ အဆိုပါ အလှူငွေများကို သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌  အမြန်ဆုံးပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရာတွင် အသုံးပြုနေပြီဖြစ်သည်။

ရေဘေးသင့်ဒေသများ၌ ပိတ်ထားခဲ့ရသည့်စာသင်ကျောင်းများ အောက်တိုဘာလအတွင်း အမြန်ဆုံး ဖြစ်နိုင်သည့်နေရာမှန်သမျှ  ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည်များကို စီမံဆောင်ရွက်လျက်ရှိသည်။ ထိခိုက်ပျက်စီးခဲ့သည့်ပညာရေးအဆောက်အအုံများကိုလည်းအမြန်ဆုံး ပြန်လည်ပြင်ဆင် တည်ဆောက်ပေးနိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်။ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများကို သီတဂူဆရာတော်ကြီးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ဝဝဝဝ ကိုလည်းကောင်း၊ ကွန်းခိုရာကုမ္ပဏီမိသားစုက ငွေကျပ်သိန်းတစ်ထောင်လှူဒါန်းသည့်အတွက်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးကျေးဇူးတင်ရှိသလို ရေဘေးသင့်ပြည်သူများနှင့် ရဟန်းရှင်လူပြည်သူ အပေါင်းတို့ကလည်း ဝမ်းမြောက်နုမော်သာဓုခေါ်လျက်ရှိသည်။

ရာဂိတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုးခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် ရေဝင်နစ်မြုပ်ခဲ့သည်။ ထို့ပြင် လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခကြုံတွေ့ခဲ့ကြရသည်။ မြန်မာလူမျိုးတို့သည် ဒုက္ခရောက်သူများကို  စေတနာသဒ္ဓါထက်သန်စွာ ကူညီလေ့ရှိကြသည့်အတိုင်း ယခုတွေ့ကြုံရသည့်ရေဘေးတွင်လည်း အစားအသောက်၊ အဝတ်အထည်နှင့်ငွေကြေးများကို လှူဒါန်းမှု ပြုလျက်ရှိကြသည်။

သဘာဝဘေးအန္တရာယ်မှာ တားဆီး၍မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်းဖြင့် အနိုင်ယူကြရမည်ဖြစ်သည်ကို  သတိမေ့လျော့ပေါ့ဆမှုကြောင့်လည်း   ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။   အထူးသဖြင့်စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်းသည် ရေစီးရေလာကောင်းမွန်ရေးကိုအဟန့်အတားဖြစ်စေခဲ့သည်။
ရေဝင်ရေထွက်ကောင်းမွန်စေ‌ရေး၊  ရေစီးရေလာကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုရှိသည့်ဒေသတို့မှာ ရေဘေးဒဏ်ခံရမှုနည်းပါးခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းပါးခဲ့ခြင်းမှာ အဆိုပါအချက်များကြောင့်ဖြစ်သည်။ ရှေးဟောင်းရေကန်ပေါင်း ၁ဝ၆ ကန်အနက် ရေကန် ၉၁ ကန်တို့ကို ပြန်လည်တူးဖော်ထိန်းသိမ်းလျက်ရှိသည်။ ရေကန်များတူးဖော်ထိန်းသိမ်းခြင်း၊ ရေလမ်းကြောင်းသုံးကြောင်း ဖော်ထုတ်တူးဖော်ခြင်းတို့ကြောင့် ရာဂိတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှု အန္တရာယ်မှ ကင်းလွတ်ခဲ့ပြီး ပျက်စီးမှုအနည်းငယ်သာ ရှိခဲ့သည်။ ဤသည်ကိုသင်ခန်းစာယူကာ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြရမည်ဖြစ်သည်။

စက်တင်ဘာလ ၂၄ ရက်တွင်  နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်   သီတဂူဆရာတော်  ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အလှူရှင်တို့က    လှူဒါန်းသည့် လှူဒါန်းမှုနှင့် စက်တင်ဘာလ ၂၁ ရက်တွင် နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပသည့် ရေဘေးသင့်ပြည်သူ
များအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှလှူဒါန်းခဲ့ကြသည့် အလှူရှင်များအပါအဝင် နိုင်ငံရပ်ခြားမှ အလှူရှင်များအတွက် ရည်ရွယ်လျက် ကရုဏာအလှူတော်ကုသိုလ်အဖြစ် လည်းကောင်း၊ ရာဂိတိုင်ဖွန်းမုန်တိုင်းကာလအတွင်း မိုးရွာသွန်းမှုများပြားလျက်ရေကြီးရေလျှံတောင်ပြိုခြင်း ဒုက္ခခံစားခဲ့ရပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ရသူ အပေါင်းတို့ကို ကျွတ်လွတ်ပါစေခြင်း အကျိုးငှာ ဖိတ်ခေါ်လျက်လည်းကောင်း မေတ္တာပို့သခြင်း၊ သာဓုခေါ်ဆိုနိုင်စေခြင်းငှာရေစက်ချအမျှပေးဝေခြင်းများ စသည့်ကရုဏာအလှူတော် ကုသိုလ်ကောင်းမှုကို ဆောင်ရွက်ခဲ့သည်။ ထိုသို့လှူဒါန်းမှု၊ ဆောင်ရွက်မှုတို့အတွက် ရဟန်းရှင်လူပြည်သူအများအနေဖြင့် သာဓုခေါ်ဆိုနိုင်စေခြင်းငှာ ရေးသားတင်ပြလိုက်ရပေသည်။   ။